Trend

ခရီးသွားများ မလာခြင်းကြောင့် ထိခိုက်လာတဲ့ ထိုင်းဆင်စခန်းများ

ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာ သွားလာခွင့်တွေ ပိတ်ပင်တာတွေရှိပြီးနောက် ဆင်စခန်းတွေမှာ ရှိတဲ့ ဆင်များအနေနဲ့ နာရီပေါင်းများစွာ ခြေထောက်ကို ကြိုးချည်ခံထားရခြင်းနဲ့ အစာရေစာ မဝလင်မှုတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ခရီးသည်များ မလာခြင်းကြောင့် ဆင်များကို တိရစ္ဆာန်ရုံများမှာ ရောင်းချလိုက်မှာ ဒါမှမဟုတ် တရားမဝင်တဲ့ ကုန်သွယ်ရေးတွေကို ပြုလုပ်မှာ စိုးရိမ်ရတယ်လို့ ဆင်စခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသွားများစဉ် ကာလကလည်း ဆင်များကို နှိပ်စက်ပြီး အတင်းအကြပ် ခိုင်းစေခြင်းတွေ ရှိခဲ့ပြီး ဝင်ငွေပုံမှန် လည်ပတ်စီးဆင်းနိုင်ဖို့ ဆင်များကို ရိုက်နှက်ပြီး ပွဲပြရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုဒဏ်ကို ကမ္ဘာတဝှမ်းလုံးက ခံရပြီးတဲ့ နောက်မှာ အစာရေစာ ကိုယ်တိုင်ရှာ မစားနိုင်တဲ့အတွက် ဆင်တွေမှာ ခက်ခဲတဲ့ အချိန်တွေကို ကြုံနေရတာဖြစ်ပါတယ်။ ဆင်စခန်းများနဲ့ တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူများကတော့ မကြာခင်မှာ ဆိုးရွားတဲ့ သတင်းများကို ကြားရနိုင်ချေရှိတယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

“ကျနော့် သူဌေးအနေနဲ့လည်း သူတတ်နိုင်တာကို သူလုပ်နေပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပိုက်ဆံမရှိတော့တာ အမှန်ပါပဲ”လို့ ချင်းမိုင်မြို့မှာရှိတဲ့ ဆင်စခန်းက ဆင်ထိန်းဖြစ်သူ Kosin က သူ့ဆင်တွေအနေနဲ့ အစာလျှော့စား နေရတဲ့ အကြောင်းကို ပြောရင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ချင်းမိုင်မြို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ အဓိကကျတဲ့ ခရီးသွားမြို့ဖြစ်ပေမယ့် လက်ရှိမှာ ခရီးသည်လာရောက်ခွင့်ကို ပိတ်ပင်ထားတာကြောင့် ဆင်စခန်းများနဲ့ အခြား လည်ပတ်စရာနေရာတွေမှာ အလုပ်လုပ်ကိုင်သူတွေ အနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် ထိုင်းခရီးသွားလုပ်ငန်းကို ထိခို့က်မှုများရှိပြီးနောက် ဆင်ပေါင်း ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားခဲ့တယ်လို့ Thai Elephant Alliance Association ရဲ့ ဥက္ကဋ္ဌဖြစ်သူ Theerapat Trungprakan က ပြောပါတယ်။ ဒီလို အခက်အခဲတွေကြောင့် ထိုင်းမြန်မာနယ်စပ် အနီးမှာ ဆင်ကို အသုံးပြုပြီး တရားမဝင်ကုန်သွယ်မှုတွေ ဖြစ်လာမှာ စိုးရိမ်နေရတယ်လို့ Theerapat Trungprakan က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆင် ၁ ကောင်ကို တရက် ကျွေးမွေးစရိတ်ဟာ ဘတ် ၁၀၀၀ ခန့် ကျသင့်တာကြောင့် အခုလို ရောဂါတွေ ဖြစ်ပွားချိန်မှာ လုံလောက်စွာ ကျွေးမွေးနိုင်ခြင်းမရှိဘူးလို့ ဆင်ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူ Apichet Duangdee က ပြောပါတယ်။ Apichet Duangdee အနေနဲ့ ခရီးသွားတွေ လာရောက်မှု မရှိတော့ပေမယ့် သူ့ရဲ့ ဆင်များကို ကယ်ဆယ်နိုင်ဖို့အတွက် ထိုင်းဘတ် ၂သန်းကို ချေးယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို လာရောက်လေ့ရှိတဲ့ ခရီးသွားတွေမှာ တရုတ်ခရီးသွား ၈၀ ရာခိုင်နှုန်းရှိပြီး တရုတ်ခရီးသွားတွေ အနေနဲ့ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံကို ပိတ်ဆို့လိုက်တဲ့ အတွက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ထိခိုက်မှုတွေ အများကြီး ရှိလာတာဖြစ်ပါတယ်။

Ref. AFP, Bangkok Post

You may also like these stories:

COVID-19 ကြောင့် ထိုင်းနိုင်ငံမှာ လူ ၁၂ ဦးသေဆုံး

ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ ဆရာဝန် ကိုရိုနာကူးစက်ခံထားရ

COVID-19 ကူးစက်မှုများကြောင့် ကာစီနိုရုံတွေ ပိတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီး ညွှန်ကြား

Loading