အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၂ သိန်း ကျော်သွားခဲ့ပါပြီ။ လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
နောက်ဆုံး ကောက်ယူထားတဲ့ Data အချက်အလက်တွေအရ ကိုဗစ်ရောဂါပိုး လက္ခဏာပိုး မပြဘဲ ကူးစက်မှုတွေ ပိုများလာတဲ့အတွက်ကြောင့် အမေရိကန်မှာ Mask မျက်နှာဖုံး ဝတ်ဆင်ရေးကို စတင်ပြီး တိုက်တွန်းလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဝတ်ဆင်ဖို့ပြောရင်တောင်မှ အမေရိကန်ပြည်ထောင်စုမှာ Mask လုံလုံလောက်လောက် မရှိတဲ့ ပြဿနာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်နေတဲ့သူတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ Symptoms ရောဂါလက္ခဏာ မပြကြောင်း CDC လို့ခေါ်တဲ့ Centres for Disease Control and Prevention ရဲ့ ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။ ဒေါက်တာ Robert Redfield က သူတို့ရဲ့ ရရှိတဲ့ သတင်းအချက်အလက်တွေအရ လူတော်တော်များများဟာ Asymptomatic လို့ ခေါ်တဲ့ လက္ခဏာ မပြတဲ့သူတွေ ဖြစ်နေပြီး ၂၅ ရာခိုင်နှုန်း ဝန်းကျင်လောက်ထိ မြင့်မားလာနိုင်တယ်လို့ CNN ကို ပြောဆိုခဲ့ပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကုသရေးကို ကြီးကြပ်ဆောင်ရွက်နေတဲ့ ဒေါက်တာ Anthony Fauci ကတော့ အမေရိကန် ပြည်သူပြည်သားတွေအနေနဲ့ မျက်နှာဖုံးတွေ ဝတ်ဖို့အတွက်ကို သူ့ဘက်က လိုလားတယ် ဆိုတဲ့သဘောကို CNN မှာ ဖော်ပြထားပါတယ်။
မျက်နှာဖုံး တပ်ရေး၊ မတပ်ရေးဟာ အနောက်နိုင်ငံတွေ အထူးသဖြင့် US မှာတော့ နိုင်ငံရေးအရ အငြင်းအခုန်ကိစ္စတခု ဖြစ်နေဆဲပါ။ US က Surgeon General Dr Jerome Adams ကတော့ အမေရိကန်လူထုကို Mask တပ်စရာ မလိုဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ လကလည်း WHO အဖွဲ့ကြီးရဲ့ ဒါရိုက်တာဖြစ်တဲ့ Tedros Adhanom Ghebreyesus က ဂျနီဗာမှာ ပြောခဲ့တာကတော့ Mask မျက်နှာဖုံးဟာ သူနာပြုဝန်ထမ်းတွေနဲ့ လူနာတွေအတွက်ပဲ ဖြစ်တယ်လို့ တရားဝင် ပြောကြားခဲ့ပါတယ်။
“ဒီဗိုင်းရပ်စ်ပိုးဟာ အသစ်ဖြစ်တယ် ဒါကို ကျနော်တို့ လေ့လာနေပါတယ်။ ဒီ ကူးစက်ရောဂါ ပျံ့နှံ့ချိန်နဲ့အတူ ပေါ်ပေါက်လာတဲ့ သက်သေ အထောက်အထားတွေကိုကြည့်ပြီး ကျနော်တို့ နောက်ပိုင်း အကြံပြုပါ့မယ်”လို့ ပြောခဲ့ပါတယ်။ သူ ဒီလိုပြောဆိုခဲ့ပေမယ့် Mask တွေ ဝတ်သင့်တယ်၊ မဝတ်သင့်ဘူးဆိုတဲ့ Debate ဟာ ပိုလို့ကြီးထွားလာခဲ့ပါတယ်။ လူတွေရဲ့ သေဆုံးမှုနှုန်းတွေလည်း မြင့်လာပါတယ်။
အာရှနိုင်ငံတွေမှာ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်နဲ့ ထိုင်းတို့မှာ Mask ဝတ်ခြင်းကို ယဉ်ကျေးမှုအရ လက်ခံသလို လူကြားထဲ Mask ဝတ်ပြီး သွားလာခြင်းကိုလည်း ခွဲခြားဆက်ဆံခြင်း မပြုပါဘူး။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှတော့ လူကြားထဲ Mask ဝတ်ရင် လက်မခံတဲ့ ယဉ်ကျေးမှုက ရှိနေခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ အပြန်အလှန်ရေးပြီး ဝေဖန်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။
Social Distancing နဲ့ လက်ဆေးခြင်းတို့အပြင် Mask ကို ဝတ်ဆင်ထားခြင်းဟာလည်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တယ်လို့ စတင်ပြီး စူစမ်းလေ့လာ တင်ပြလာကြပြီ ဖြစ်ပါတယ်။
ဒါကြောင့် အာရှနိုင်ငံတွေရဲ့ Mask ဝတ်တဲ့ယဉ်ကျေးမှု၊ ရောဂါကို လူထုထဲမှာ တာဝန်သိစွာ ကာကွယ်မှုတွေကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက အသိအမှတ်ပြု လေ့လာရပြီ ဖြစ်ပါတယ်။ အနောက်နိုင်ငံက အစိုးရတွေဟာ အရှိတရားနဲ့ အမှန်တရားကို ဥပေက္ခာပြုထားတဲ့သူတွေလို့ ဝိုင်းပြီး ဝေဖန်တဲ့ဆောင်းပါးတွေ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။
Mask ဝတ်ရေး၊ မဝတ်ရေးဟာ လူသားတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးတခုထဲ ပါလာပါပြီ။ ဝတ်သင့်တယ်၊ မဝတ်သင့်ဘူးဆိုတာကို နိုင်ငံရေးသမားတွေ၊ ကျန်းမာရေးဝန်ထမ်း အကြီးအကဲတွေက ဆုံးဖြတ်ပေးရမယ်ဆိုတာ သဘာဝကျသလား၊ မကျဘူးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါပြီ။ WHO ရဲ့ ပြီးခဲ့တဲ့အပါတ်က Mask အပေါ်မှာ ပြောခဲ့တဲ့ အမြင်ကရော ဘယ်လောက်မှန်သလဲဆိုတာ မေးစရာဖြစ်လာခဲ့ပါပြီ။
ဒီနေရာမှာတော့ အာရှနိုင်ငံတွေက ပိုပြီး Smart ဖြစ်ပါတယ်။ သမ္မတွေလည်း Mask ဝတ်ပြသလို နိုင်ငံရေးခေါင်းဆောင်တွေလည်း ဝတ်ကြပါတယ်။ SARS ကပ်ရောဂါပိုးကို ဖြတ်သန်းခဲ့ဖူးတဲ့ ထိုင်ဝမ်တို့ စင်ကာပူတို့ ဟောင်ကောင်တို့လည်း Mask ဝတ်ကြပါယ်။ ပြည်သူလူထုလည်း ဝတ်ဆင်ကြပါတယ်။ Mask ဝတ်တဲ့အတွက် ရောဂါပြန့်ပွားနှုန်းကို လျော့ချတာတော့ အမှန်ပဲလို့ ယုံကြည်ယူဆသူတွေက ပိုများလာခြင်းပဲ ဖြစ်ပါတယ်။
ဒီလို အမြင်မကျယ်မှုတွေကြောင့် အနောက်နိုင်ငံတွေမှာ လူပေါင်းများစွာကို သေတွင်းထဲ ပို့နေသလားလို့ ဝေဖန်ရေးသား ပြောဆိုနေကြပြီ ဖြစ်ပါတယ်။
You may also like these stories:
COVID-19 ကာကွယ်ဖို့ မျက်နှာဖုံး လုပ်နည်းများကို မျှဝေခဲ့တဲ့ ဗိသုကာပညာရှင်များ