အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ကာလမှာ လက်မကြာခဏဆေးဖို့၊ အတတ်နိုင်ဆုံး အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ ဆေးပညာရှင်တွေက သတိပေးအကြံပြုထားတာဖြစ်ပြီး နိုင်ငံနဲ့ အဝှမ်းမှာဆိုရင်လည်း ရောဂါကူးစက်နိုင်ခြေ လျော့နည်းစေဖို့ Lockdown ချတာမျိုးတွေ ပြုလုပ်နေကြတာပါ။
လူဦးရေ ၁ ဒဿမ ၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယနိုင်ငံဟာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းကို လျှော့ချနိုင်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown ချခဲ့ပြီး အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း အယောက် ၁၀၀၀ ခန့် ရှိနေပါတယ်။
ဒီလိုမျိုး ရောဂါကူးစက်ခံရမှုတွေ မြင့်တက်နေချိန်မှာ အတတ်နိုင်ဆုံး အိမ်ထဲမှာနေကြဖို့အတွက် အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည်နယ်၊ Chennai မြို့ရဲ့လမ်းတွေပေါ်မှာ ရဲသားတွေဟာ လိုက်လံ သတိပေးနှိုးဆော်နေတာဖြစ်ပြီး အဲဒီထဲကမှ Rajesh Babu လို့ အမည်ရတဲ့ ရဲသားတဦးကတော့ ကိုရိုနာဗိုင်းရပ်စ်ပုံ ဒီဇိုင်းထုတ်ထားတဲ့ ဦးထုပ်ဆောင်းပြီး လိုက်လံ သတိပေးနေတာ ဖြစ်ပါတယ်။
ဒီကိုရိုနာဗိုင်းရပ်စ်ပုံ ဦးထုပ်ကိုတော့ “Gowtham” လို့အမည်ရတဲ့ Artist တဦးက ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး စက္ကူကို အဓိကအသုံးပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဦးထုပ်ဆောင်းပြီး လူတွေကို လိုက်လံသတိပေးနေတာနဲ့ ပတ်သက်ပြီး Rajesh Babu က အခုလိုပဲ ဆိုပါတယ်။
“အခုအချိန်မှာ ကျနော်တို့ တတ်နိုင်တာ များများစားစား မရှိပါဘူး။ အင်အားကြီးနိုင်ငံတွေတောင် ဒီကပ်ရောဂါကို အလူးအလဲခံနေကြရတဲ့ အချိန်မှာ အတတ်နိုင်ဆုံး အိမ်ထဲမှာ နေကြဖို့၊ တယောက်နဲ့တယောက် နီးနီးကပ်ကပ် မထိတွေ့ကြဖို့၊ လက်ဆေးဖို့ ဒီနည်းလမ်းတွေနဲ့ ကာကွယ်ဖို့ကလွဲပြီး တခြားအကောင်းဆုံးနည်း မရှိတော့ပါဘူး”
“ဒီဦးထုပ်ကြီးဆောင်းထားတော့ တွေ့တဲ့လူတွေ အဖို့တော့ နည်းနည်း ကြောင်စီစီ နိုင်တယ် ထင်ရပေမယ့် ကျနော်တို့အနေနဲ့ ကူးစက်နိုင်တဲ့ လမ်းကြောင်းတွေကိုတော့ ရပ်အောင် လုပ်ရမှာပါပဲ”လို့ ရဲသား Rajesh Babu ကဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ Lockdown ကာလကို ၂၁ ရက်အထိ သတ်မှတ်ထားပြီး ဒီကာလမှာ ကောင်းကောင်းမွန်မွန် မနေထိုင်ဘူးဆိုရင် ရောဂါကူးစက်ခံရမှု ထပ်မံမြင့်တက်လာမှာ ဖြစ်ကြောင်း အစိုးရက သတိပေးထားပါတယ်။
Ref. www.boredpanda.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သန်း ကျော်ပြီ
သွားလာလှုပ်ရှားမှု ထိန်းချုပ်မိန့်ကို ချိုးဖောက်သူများအား မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး
ကလေးများလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း WHO သတိပေး