သြစတြေးလျအစိုးရဟာ နိုင်ငံတွင်းကနေ Mask ၊ လက်သန့်စင်ဆေးရည်နဲ့ တခြား တကိုယ်ရည် ရောဂါကာကွယ်ရေးဝတ်စုံ (PPE) တွေကို နိုင်ငံခြားသို့ တရားမဝင် တင်ပို့နေသူတွေကို ဥပဒေအရ ပြစ်ဒဏ်ချမှတ်တော့မယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ သြစတြေးလျနိုင်ငံမှာ COVID-19 ကူးစက်ခံလူနာ ၅,၀၀၀ ကျော် ရှိနေပါပြီ။
ပြည်ထဲရေးဝန်ကြီး Peter Dutton ရဲ့ ကြေညာချက်မှာတော့ နိုင်ငံမှာ လိုအပ်နေတဲ့ ဆေးဘက်သုံးပစ္စည်းတွေကို လိုက်ဝယ်စုနေပြီး တရားမဝင် တင်ပို့ ရောင်းချနေသူတွေကို ဥပဒေကြောင်းအရ အရေးယူ ဒဏ်ရိုက်သွားဖို့ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
စာသုံးသူ ကာကွယ်ရေးဥပဒေအရ ဒဏ်ငွေ သြစတြေးလျဒေါ်လာ ၂၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၈,၂၇၅) ချမှတ်နိုင်တဲ့အပြင် Biosecurity Act အရ အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်နဲ့ ဒဏ်ငွေ သြစတြေးလျဒေါ်လာ ၆၃,၀၀၀ (အမေရိကန်ဒေါ်လာ ၃၈,၄၈၀) အရေးယူနိုင်ပါတယ်။
“အခုချိန်မှာ အရမ်းကို တန်ဖိုးရှိနေတဲ့ ဆေးဘက်သုံးပစ္စည်းတွေကို တယောက်ချင်းစီကနေ နည်းနည်းချင်းစီ လိုက်ဝယ်စုနေပြီး အမြတ်တင် ရောင်းချပြီး ဈေးကစားဖို့ ကြံရွယ်နေသူတွေ ရှိလာလို့ အရေးယူဖို့ စီစဉ်နေတာပါ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သြစတြေးလျနိုင်ငံဟာ တခြားနိုင်ငံတွေလို ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ဆေးဘက်သုံးပစ္စည်းတွေ ပြတ်လပ်နေပြီး အထူးသဖြင့် ကူးစက်ခံလူနာတွေနဲ့ တိုက်ရိုက် ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးပစ္စည်းတွေ လိုအပ်နေဆဲပါ။
“ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလေးထားရမယ့် ဒီလိုအချိန်မျိုးမှာ သြစတြေးလျနိုင်ငံတွင်းကနေ တရားမဝင် တင်ပို့ရောင်းချမယ့် ဘယ်လိုအရာမျိုးမဆို တဆင့်ချင်းစီ ကာကွယ်သွားဖို့ ရှိပါတယ်” လို့ ကုန်သွယ်ရေး ဝန်ကြီး Simon Birmingham က ဆိုပါတယ်။
တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း Mask ထုတ်လုပ်သူတွေကို ပြင်ပနိုင်ငံတွေဆီ မတင်ပို့ဖို့ ကန့်သတ်လိုက်ပါတယ်။ ပြည်တွင်း ဝယ်လိုအားများတာကြောင့် ဈေးကွက်တွင်းက Mask တွေ ပြတ်လပ်သွားပြီး ဝယ်ယူဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းနေရတာမျိုးတွေ ရှိနေပါတယ်။
အရင်ကတော့ တောင်ကိုရီးယားအစိုးရဟာ Mask ထုတ်လုပ်တဲ့စက်ရုံတွေကို ဧပြီလ ၃၀ ရက်နေ့ထိ ပြည်ပ တင်ပို့ခွင့် ၁၀ ရာခိုင်နှုန်း ခွင့်ပြုထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဈေးကွက် ပြတ်လပ်မှုတွေကြောင့် တင်ပို့ခွင့် ရပ်ဆိုင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာလည်း တကိုယ်ရည် ရောဂါကာကွယ်ရေး ပစ္စည်းတွေကို တခြားနိုင်ငံတွေဆီ တင်ပို့မယ့်အစား ပြည်တွင်းမှာပဲ ဖြန့်ဖြူးရောင်းချသွားဖို့ အစိုးရတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။
Ref: edition.cnn
You may also like these stories:
ကလေးများလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း WHO သတိပေး
သွားလာလှုပ်ရှားမှု ထိန်းချုပ်မိန့်ကို ချိုးဖောက်သူများအား မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး
တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ဖို့ သီးခြား ၃ လနေထိုင်မယ့် တိရစ္ဆာန်ရုံ စောင့်သူများ