အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Bronx Zoo တိရိစ္ဆာန်ရုံရှိ ကျားတကောင်ဟာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပြီး အခြား ကျား ၆ ကောင်ဟာလည်း ရောဂါလက္ခဏာများ ရှိနေတယ်လို့ အမေရိကန် Department of Agriculture က ဧပြီ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
နာဒီယာ (Nadia) လို့ အမည်ပေးထားတဲ့ အသက် ၄ နှစ်အရွယ် မလေးယန်းကျားမ (Malayan Tiger) ဟာ ရောဂါလက္ခဏာ မပြဘဲ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မည်သူမှန်း မသိရသေးသူ တိရစ္ဆာန်ရုံဝန်ထမ်းတဦးထံမှ ကူးစက်ခံခဲ့ရပုံ ရှိတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
ကျားမဟာ ချောင်းခြောက်ဆိုးနေခဲ့ပြီးနောက် စစ်ဆေးမှုအရ ဗိုင်းရပ်စ်ကူးစက်ခံရမှု တွေ့ရှိခဲ့ရပြီး ပြန်လည် သက်သာလာမယ်လို့ ခန့်မှန်းထားကြောင်း Wildlife Conservation Society ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်လို့ ဘီဘီစီ သတင်းမှာ ပါရှိပါတယ်။
“တောရိုင်း တိရစ္ဆာန်တကောင်က လူတယောက်ဆီကနေ COVID-19 ကူးစက်ခံရပြီး နေမကောင်းဖြစ်တာ ဒါက ပထမဆုံးပဲ”လို့ Bronx Zoo မှ တိရစ္ဆာန်ဆေးကုဆရာဝန် Paul Calle က ပြောပါတယ်။ တိရစ္ဆာန်ရုံကို မတ်လ ၁၆ ရက်နေ့ကတည်းက ပိတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီ တိရစ္ဆာန်ရုံမှာ ကျားတွေက လွဲပြီး အခြား တိရိစ္ဆာန်တွေမှာတော့ COVID-19 လက္ခဏာများ မတွေ့ရဘူးလို့ ဆိုပါတယ်။ ယခင်က ပိုင်ရှင်ထံမှတဆင့် အိမ်မွေးတိရစ္ဆာန်တွေကို ဗိုင်းရပ်စ်ကူးစက်ခံမှုအချို့ တွေ့ရှိခဲ့ရပေမယ့် အိမ်မွေးတိရစ္ဆာန် မဟုတ်တဲ့ ကျားမှာ ဗိုင်းရပ်စ် ကူးစက်ခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အိမ်မွေးတိရစ္ဆာန် ဗိုင်းရပ်စ်ကူးစက်ခံရမှုအဖြစ် ဟောင်ကောင်မှာ ခွေး၂ ကောင်နဲ့ ကြောင် ၁ ကောင် ကူးစက်ခံခဲ့ရကြောင်း အတည်ပြုထားတယ်လို့ သိရပါတယ်။
Ref. CNN,BBC
You may also like these stories:
ခွေးသား၊ ကြောင်သားတွေကို စားသုံးခွင့် ပိတ်ပင်တဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့
တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ဖို့ သီးခြား ၃ လနေထိုင်မယ့် တိရစ္ဆာန်ရုံ စောင့်သူများ
ကိုဗစ်ကာလမှာ အပြင်မထွက်ဖို့ ဗိုင်းရပ်စ်ဦးထုပ် ဆောင်းပြီး သတိပေးတဲ့ အိန္ဒိယ ရဲ