COVID-19 ကူးစက်ခံထားရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဟာ ရောဂါအခြေအနေ ဆိုးရွားလာတာကြောင့် ဆေးရုံမှာ ရှိတဲ့ အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၆ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ရောဂါအခြေအနေပိုပြီး ဆိုးလာတာကြောင့် ဆရာဝန်များရဲ့ ညွှန်ကြားချက်အရ အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရတဲ့ ဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး Dominic Raab အား နိုင်ငံအတွက် လိုအပ်ချက်တွေ သူ့ကိုယ်စား ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဒေါင်းနင်းလမ်း ရုံးခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဝန်ကြီးချုပ် Boris Johnson ရဲ့ ဇနီးလောင်းဖြစ်သူ ကိုယ်ဝန်ဆောင်သည် Carrie Symonds ကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာများကို ခံစားခဲ့ရပေမယ့် လက်ရှိအချိန်မှာ ပြန်လည် သက်သာပျောက်ကင်းလာပြီလို့ သိရပါတယ်။
ဝန်ကြီးချုပ် Boris Johnson ဟာ COVID-19 ကို ခံစားနေရကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး နေအိမ်မှာ သီးသန့်ခွဲနေကာ ဧပြီလ ၃ ရက်နေ့မှာ အလုပ်ပြန်လုပ်ဖို့ ရည်ရွယ်ထားပေမယ့် မသက်သာတာကြောင့် ဆေးရုံကို တက်ခဲ့ရတာ ဖြစ်ပါတယ်။ ဆေးရုံ တက်ပြီးနောက်မှာ ရောဂါအခြေအနေ ပိုပြီး ဆိုးလာတာကြောင့် အခုလို အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဧပြီလ ၇ ရက်နေ့ အစောပိုင်းသတင်းတွေအရ ဗြိတိန်မှာ COVID-19 ကူးစက်ခံရသူ ၅ သောင်းကျော် ရှိပြီဖြစ်ပြီး သေဆုံးသူ ၅၀၀၀ ကျော်ပြီလို့ သိရပါတယ်။
Ref. TheGuardian, AFP
You may also like these stories:
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်
Mask ဝတ်တဲ့ ယဉ်ကျေးမှု အရှေ့နဲ့ အနောက် မတူပါ
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်