ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တိုကျိုမြို့အပါအဝင် အခြားစီရင်စု ၆ခုကို အရေးပေါ် အခြေအနေ ကြေညာဖို့ ရှိနေပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇိုအာဘေးက အရေးပေါ် အခြေအနေကို ဧပြီလ ၇ ရက်နေ့မှာ ကြေညာမှာဖြစ်ပြီး ဧပြီလ ၈ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အရေးပေါ် အခြေအနေဟာ ၁ လခန့် ကြာမြင့်မှာဖြစ်ပြီး အရေးပေါ်အခြေအနေကြောင့် ရောဂါဖြစ်ပွားမှုပြင်းထန်နေတဲ့ ဒေသတွေမှာ နေထိုင်သူများကို အိမ်မှာ နေခိုင်းစေပြီး လုပ်ငန်းများကို ပိတ်ပင်ထားဖို့ ဥပဒေအရ ပြောဆိုနိုင်ပါတယ်။
ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံများလောက် ရောဂါကူးစက်မှု နှေးကွေးနေဆဲ ဖြစ်ပေမယ့် တိုကျိုမှာတော့ ရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ထိန်းချုပ် ဟန့်တားရေးတွေ ပြုလုပ်ဖို့ အစိုးရကို ဖိအားပေးမှုတွေ ရှိနေပါတယ်။
အခုလို ၁ လလောက် အရေးပေါ်အခြေအနေ ကြေညာမယ့် အချိန်မှာ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ထိခိုက်နိုင်ချေ ရှိနေပါတယ်။ Dai-ichi Life Research Institute ရဲ့ ဥက္ကဋ္ဌဖြစ်သူ Hideo Kumano က “ကုန်ထုတ်လုပ်ငန်းတွေမှာ ပစ္စည်းထုတ်လုပ်မှုတွေ လျော့နည်းသွားနိုင်တယ်။ အလုပ်သမားများလည်း ကြီးမားတဲ့ ဖိအားတွေကို ခံရနိုင်ချေ ရှိနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာတာဟာ ခရီးသွားလာရေး လုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေ ရှိနိုင်ပြီး အများပြည်သူသုံး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေ ကြုံတွေ့နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။
Ref. BBC, kyodonews.net
You may also like these stories:
ဗြိတိန်ဝန်ကြီးချုပ် ရောဂါဆိုးလာမှုကြောင့် အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် Corona တံဆိပ်ဘီယာ ထုတ်လုပ်မှု ရပ်ဆိုင်း
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်