တောင်အာဖရိကမှာ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် လူစုလူဝေးဖြစ်စေတဲ့ ပွဲအခမ်းအနား မပြုလုပ်ရန် တားမြစ်ချက်ကို ဖောက်ဖျက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့ စုံတွဲတတွဲ၊ တက်ရောက်လာတဲ့ ဧည့်ပရိသတ်နဲ့ ဦးဆောင်သူ သင်းအုပ်ဆရာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၅ ရက်နေ့က KwaZulu-Natal စီရင်စုမှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်နေကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံ၊ တက်ရောက်လာတဲ့ ဧည့်ပရိသတ် ၅၀ နဲ့ မင်္ဂလာပွဲကို ဦးဆောင်ကျင်းပသူ သင်းအုပ်ဆရာတို့ အားလုံးကို Richards Bay မြို့ပြင်ရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မင်္ဂလာပွဲ လုပ်ခဲ့တဲ့ သူတို့ တအုပ်စုလုံးကို ဧပြီ ၆ ရက်နေ့က တရားရုံးမှာ စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲဆင်နွှဲနေကြတဲ့ စုံတွဲမှ သတို့သားက အဖြူရောင်ဝတ်စုံနဲ့ သတို့သမီးကို ရဲတပ်ဖွဲ့ရဲ့ ဗင်ကားပေါ်ကို တက်ရောက်နိုင်ရန် ကူညီပေးနေတဲ့ ဗီဒီယိုကလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။
COVID-19 ကာလမှာ တားမြစ်ချက် ချိုးဖောက်ပြီး မင်္ဂလာဆောင်မှုဖြင့် အဖမ်းခံရတဲ့ စုံတွဲရဲ့အမည်တွေကိုတော့ ရဲတပ်ဖွဲ့ နဲ့ ဒေသခံမီဒီယာတွေကို ထုတ်ဖော်ပြောခြင်း မရှိသေးဘူးလို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ကြင်စဦး ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ ပျားရည်ဆမ်းကာလကို တင်းကျပ်တဲ့ အာမခံ စည်းကမ်းတွေအောက်မှာ ဖြတ်သန်းရမယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ဧပြီ ၇ ရက် ညပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၁၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၃ ဦး ရှိပြီလို့ သိရပါတယ်။
Ref. BBC
You may also like these stories:
COVID-19 ကူးစက်မှု မြင့်တက်နေတဲ့ နိုင်ငံများမှ အစားအစာ တင်သွင်းခွင့် နီပေါအစိုးရ ပိတ်ပင်
COVID-19 ကာကွယ်ဆေးစက်ရုံများ တည်ဆောက်ဖို့ လှူဒါန်းသွားမယ့် ဘီလ်ဂိတ်
ဗြိတိန်ဝန်ကြီးချုပ် ရောဂါဆိုးလာမှုကြောင့် အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရ