ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့ခဲ့ရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ကန့်သတ် ပိတ်ဆို့မှုအပြီးမှာ ပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။ မြို့ထဲမှာ ပိတ်မိနေတဲ့ ၁၁ သန်းသော ပြည်သူတွေဟာ မိသားစုတွေနဲ့ ပြန်လည် ဆုံစည်းနိုင်ပြီ ဖြစ်သလို၊ လမ်းတွေပေါ်မှာ ယာဉ်ကြောအသွားအလာတွေ တွေ့မြင်လာရပြီး လေကြောင်းလိုင်းတွေလည်း ပြန်လည် ဆင်းသက်နိုင်ပြီ ဖြစ်ပါတယ်။
ဝူဟန်မြို့ကို ဇန်နဝါရီလ ၂၃ ရက်တည်းက ၇၆ ရက်ကြာ ကန့်သတ် ပိတ်ဆို့မှုအပြီးမှာတော့ ဧပြီလ ၈ ရက် ညသန်းခေါင်ယံမှာ ပြန်လည် ဖွင့်လှစ်ပေးခဲ့တာပါ။
“တကယ့်ကို လွတ်မြောက်လာသလို ခံစားရတယ်။ ကျနော့် မိန်းမနဲ့ မတွေ့ရတာ ရက်ပေါင်း ၇၀ ကျော်နေပြီ။ သူ့ကို အရမ်းလွမ်းနေတာ။ အရမ်းလည်း စိတ်လှုပ်ရှားနေတယ်” လို့ အသက် ၅၁ နှစ်အရွယ် Zhang Kaizhong က ပြန်ဖွင့်ပေးလိုက်တဲ့ လမ်းပေါ်မှာ ကားတန်းစီးရင်း ပြောပြခဲ့တာပါ။ သူဟာ သားဆီလာလည်ရင်း ကန့်သတ်ပိတ်ဆို့လိုက်လို့ ပိတ်မိသွားခဲ့သူပါ။
မြို့တော်က တာဝန်ရှိသူတွေဟာ ပြန်လည် ဖွင့်လှစ်လိုက်တဲ့ အထိမ်းအမှတ်အနေနဲ့ အဆောက်အဦတွေကို မီးရောင်တွေနဲ့ အလှဆင်ကာ Light Show ကျင်းပခဲ့သလို၊ လေဆိပ်နဲ့ ဘူတာရုံတွေ၊ စက်ရုံအလုပ်ရုံတွေ ပြန်လည် ဖွင့်လှစ်နိုင်တဲ့အတွက် အထူးအစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။
မီးရထားနဲ့ ကားရပ်နားရာနေရာတွေအပြင် မြို့တော်ထဲက မိုးမျှော် အဆောက်အဦတွေကိုပါ “Hello Wuhan” စာသားပါ အလှဆင်မီးတွေ ထွန်းညှိခဲ့ကြပါတယ်။
ဝူဟန်ကနေ ရှန်ဟိုင်း၊ Shenzhen နဲ့ Guangzhou မြို့တွေကို လေယာဉ်ခရီးစဉ် ၃၀ လောက်ပြေးဆွဲသွားဖို့ ရှိနေပြီး ခရီးစဉ် ၁,၆၀၀ ကျော်လောက် ဘိုကင်တင်ထားပြီးပါပြီ။ ပြန်လည် ဖွင့်လှစ်လိုက်တဲ့ ရထားလိုင်းတွေကနေလည်း ဝူဟန်ကနေ ခရီးသည် ၅၀၀၀ ကျော်လောက် ထွက်ခွာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဝူဟန်မြို့ကနေ ခရီးဝေးကားတွေလည်း ပြန်လည် ပြေးဆွဲနေပြီလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ အပတ်တွေကစပြီး ပိတ်ဆို့ထားတဲ့ ဝူဟန်မြို့ကနေ အကန့်အသတ်နဲ့ သွားလာခွင့်ပြုနေပေမယ့် ဒီနေ့ည သန်းခေါင်မှစပြီး တမြို့လုံးကို သွားလာခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့အပါအဝင် ဟွဘေးပြည်နယ်တခုလုံးကို ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာမှုကြောင့် မကြုံစဖူး ပိတ်ဆို့ထားလိုက်တာကြောင့် လူပေါင်း ၅၆ သန်းလောက်ဟာ အိမ်ထဲမှာပဲ နေထိုင်ခဲ့ရပါတယ်။ လက်ရှိ အချိန်မှာတော့ COVID-19 ကူးစက်မှု တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ မြင့်မာနေပေမယ့် တရုတ်နိုင်ငံမှာတော့ မထင်မှတ်လောက်အောင် ကူးစက်မှု လျော့ကျသွားခဲ့ပါတယ်။
မြို့ကြီးကို ပြန်လည် ဖွင့်လှစ်လိုက်ပေမယ့်လည်း တာဝန်ရှိသူတွေကတော့ လူစုလူဝေး ဖြစ်စေမယ့် တွေ့ဆုံပွဲတွေ မလုပ်ကြဖို့နဲ့ အသွားအလာတွေကိုလည်း အမြဲစောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။ အပြင်ထွက်တဲ့အခါ Mask တပ်ကြဖို့ကိုလည်း တိုက်တွန်းနေပါတယ်။
“တယောက်မှ မတွေ့ဘူးဆိုတာ ကူးစက်မှု မရှိတော့ဘူးလို့ မဆိုလိုပါဘူး။ မြို့အဝင်အထွက် တံခါးတွေကို ဖွင့်ပေးလိုက်တာနဲ့ အိမ်တွေကို စိတ်တိုင်းကျ ဝင်ထွက်ခွင့်ပြုလိုက်တာ မဟုတ်ဘူး” လို့ အစိုးရတာဝန်ရှိသူတဦးက ဆိုပါတယ်။
Ref: The Guardian
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်