Johns Hopkins တက္ကသိုလ်ရဲ့ ဧပြီ ၇ ရက် ညပိုင်း စာရင်းထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၉၃၉ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၈ ရက် နေ့လယ်ပိုင်းအထိ အမေရိကန်မှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၄၀၀,၅၄၀ ဦးနဲ့ သေဆုံးသူ ၁၂,၈၅၇ ဦးအထိ မြင့်တက်လာပြီး ပြန်လည် သက်သာသူ ၂၁,၇၁၁ ဦး ရှိခဲ့ပါတယ်။
အမေရိကန်မှာ နယူးယောက်ပြည်နယ်ဟာ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ဖြစ်ပွားနေတဲ့ နေရာဖြစ်ပြီး ဧပြီ ၇ ရက်နေ့က ၇၃၁ ဦး သေဆုံးခဲ့ပြီး တရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ နယူးယောက် တနေရာတည်းမှာ သေဆုံးသူ စုစုပေါင်း ၅,၄၈၉ ဦးအထိ ရှိခဲ့ပါတယ်။ ဒါဟာ ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်နိုင်ငံမှာထက် ပိုများတဲ့နှုန်း ဖြစ်ပြီး အမေရိကန်တနိုင်ငံလုံးမှာ သေဆုံးသူ အရေအတွက်ရဲ့ ထက်ဝက်နီးပါးအထိလည်း ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်မှုတွေကို သမ္မတ ဒေါ်နယ်ထရန့်က ကာကွယ်ပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို တုံ့ပြန်မှု နှေးကွေးခြင်းအတွက် အပြစ်တင်ခဲ့ပါတယ်။
တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်ဖြစ်ပွားလာနေစဉ် နိုင်ငံတကာ ခရီးသွားလာမှုတွေကို လျှော့ချ ဖြတ်တောက်ပစ်ရန် WHO က စောစီးစွာ အကြံပြုတိုက်တွန်းခြင်း မရှိခဲ့မှုအပေါ် သမ္မတဒေါ်နယ်ထရန့်က မွေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် WHO က မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
Ref. AFP, Reuters
You may also like these stories:
ကိုဗစ် ပျောက်အောင် Dettol သောက်ပြီး လူသေဆုံးတဲ့ သတင်းက သတင်းတုဟု ဆို
တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ
COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်