Trend

ထိုင်းမှာ ညမထွက်ရအမိန့် ချိုးဖောက်တာကြောင့် လူထောင်ကျော် အရေးယူခံရ

ထိုင်းနိုင်ငံတဝှမ်းမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားချက်ကို ချိုးဖောက်သူ အရေအတွက် ထောင်ကျော်နေပြီလို့ ရဲဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများပြားလာတာကို ထိန်းချုပ်တဲ့ အနေနဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။

ဧပြီလ ၃ ရက်နေ့တည်းက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး အပြင်ထွက်လာသူတွေကို ရဲတပ်ဖွဲ့ဝင် တွေက ဖမ်းဆီး အရေးယူထားတာ ၁,၀၂၁ မှု ရှိနေပြီ ဖြစ်ပါတယ်။ ဧပြီ ၇ ရက်နေ့ညကနေ ၈ ရက်နေ့ မနက်ထိကိုပဲ ၁၃၅ ယောက်ကို သတိပေးတားမြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ည ၁၀ နာရီကနေ မနက် ၄ နာရီကြား အပြင်ထွက်လာသူ ၂၈,၀၀၀ ကျော်လောက်ကို စောင့်ကြည့်နေရာ ၉၀၀ လောက်ကနေ ရှာဖွေခဲ့တာပါ။ အများစုကတော့ ဒီအချိန်အတွင်း ခရီးသွားလာခွင့် ရထားတဲ့ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတွေနဲ့ ရုံးဆင်းပြန်လာကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေပါ။

ဒါပေမဲ့ ၁,၀၀၀ ကျော်ကတော့ ညမထွက်ရအမိန့်ကို ချိုးဖောက်တာကြောင့် အရေးယူခဲ့ပြီး အများစုက ဘန်ကောက် မြို့လယ်ကဖြစ်တယ်လို့ ရဲဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။ နေ့စဉ် ဘန်ကောက်မြို့လယ်ခေါင်တဝိုက်မှာ ၁၀၀ ကျော်လောက် ညမထွက်ရအမိန့်ကို ချိုးဖောက်တာကြောင့် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေ ခေတ္တပိတ်ထားချိန်မှာ ညမထွက်ရအမိန့်ကို ချိုးဖောက်သူတွေထဲ ဆယ်ကျော်သက် ကျောင်းသားတွေလည်း ပါပါတယ်။ အများစုကတော့ အုပ်စုလိုက် အရက်သောက်ကြတာဖြစ်ပြီး၊ တရားမဝင် ဆေးသုံးစွဲထားတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

မြေအောက်ရထားတွေကိုလည်း သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်နိုင်အောင် ရထားချိန်တွေကို ပြောင်းလဲ ပြေးဆွဲထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအတွင်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ဥပဒေကို ချိုးဖောက်သူ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရဲအရာရှိ Krissana Pattanacharoen က ဆိုပါတယ်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အချိန်အတွင်းမှာ ပြည်သူတွေကို အီလက်ထရောနစ် စောင့်ကြည့်ရေး ကိရိယာတွေနဲ့ လေ့လာ စောင့်ကြည့်သွားမှာဖြစ်ပြီး မူမမှန်တဲ့ လှုပ်ရှားမှုတွေ တွေ့လာခဲ့ရင် ချက်ချင်း ခေါ်ယူစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref. Bangkok Post

You may also like these stories:

COVID-19 နဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားရတယ်လို့ ဇဏ်ခီ ပြော

Loading