ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် သူ့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာတာကြောင့် ICU ကနေထွက်ပြီး စောင့်ကြည့်လူနာအဖြစ်နဲ့ ဆေးရုံမှာ ဆက်လက် ရှိနေတယ်လို့ သိရပါတယ်။
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ UK ဝန်ကြီးချုပ်ဟာ လန်ဒန်မှာရှိတဲ့ စိန့်သောမတ်စ် ဆေးရုံမှာ ကိုဗစ်ရောဂါပိုးကို ကုသခံယူနေရတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ ကောင်းကောင်းမွန်မွန်ပဲ ရှိနေကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ ဘုရင်မကြီးက သူမရဲ့နန်းတော်ကနေ ပြောကြားခဲ့တာကတော့ အိမ်မှာပဲနေဖို့ ပြောခဲ့ပြီး ဒီစိန်ခေါ်မှုကို ပြည်သူပြည်သားတွေက ဘယ်လို တုန့်ပြန်ခဲ့သလဲဆိုတာကို နောက်ပိုင်းကျရင် ဂုဏ်ယူအမှတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီး ဆိုင်တွေအားလုံး ပိတ်ဖို့ ဥရောပမှာ ထုတ်ပြန်ထားပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း လုပ်ငန်းတော်တော်များ ပိတ်ထားရပြီး ဗြိတိန် စီးပွားရေး လုပ်ငန်းတော်တော်များများက ဆိုးဝါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဗြိတိန်ရဲ့ စီးပွားရေးက ဒီနှစ်အတွင်း ၂ ဒဿမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ နယ်သာလန် အခြေစိုက် KPMG စာရင်းအင်း ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ လာမယ့် ၃ နှစ်အတွင်း ဗြိတိန်ရဲ့ စီးပွားရေးဟာ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့လည်း Capital Economics စီးပွားရေး သုတေသနက ခန့်မှန်းထားပါတယ်။
UK မှာ COVID-19 ကြောင့် သေဆုံးခဲ့သူပေါင်း ၇,၉၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
You may also like these stories:
ဗြိတိန်ဝန်ကြီးချုပ် ရောဂါဆိုးလာမှုကြောင့် အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရ
COVID-19 ကာကွယ်ဆေးစက်ရုံများ တည်ဆောက်ဖို့ လှူဒါန်းသွားမယ့် ဘီလ်ဂိတ်
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်