အခုလို ကိုရိုနာဗိုင်းရပ်စ် ကာလမှာ ဆေးရုံတွေမှာ အချိန်ပြည့် တာဝန် ထမ်းဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအဖို့တော့ Mask ကို တချိန်လုံး တပ်ဆင်ထားရတာကြောင့် မျက်နှာ အရေပြားပေါ်မှာ အရာထင်တာတွေ၊ နားအနောက်ပိုင်း နာကျင်တာတွေကို ခံစားနေကြရပါတယ်။
ဆေးရုံတွေဟာ လူနာတွေအပြည့်နဲ့ ဖြစ်နေတာကြောင့် Mask ကို မဖြစ်မနေ တပ်ဆင်ထားကြရပြီး သိပ်မကြာသေးခင်ကလည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ မျက်နှာမှာ Face Mask အရာတွေ အထင်းသားပေါ်နေတဲ့ ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ ခံစားနေရတဲ့ ဒီပြဿနာကို ကနေဒါနိုင်ငံသား ကင်းထောက် လူငယ်လေး Quinn Callendar ဟာ သူတတ်နိုင်တဲ့ဘက်ကနေ ဖြေရှင်းပေးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။
Mask အမြဲလိုလို တပ်ဆင်တဲ့အခါ ခံစားရတဲ့ နာကျင်မှုဝေဒနာကို သက်သာစေဖို့အတွက် အကူပစ္စည်းတမျိုးကို 3D Printer စက် အသုံးပြုကာ တီထွင်ခဲ့တာဖြစ်ပြီး ဒီအကူပစ္စည်းလေးကို Mask နဲ့ ချိတ်ဆက်ပြီး နားအနောက်ဘက်မှာ ထားပေးရုံနဲ့ Mask တပ်ထားခြင်းကြောင့် နားအနောက်ဘက် နာကျင်မှုကို သက်သာလျော့ပါးစေမှာ ဖြစ်ပါတယ်။
Quinn ဟာ ဒီအကူပစ္စည်း ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ဆိုရှယ်မီဒီယာမှာလည်း မျှဝေထားပြီး လတ်တလောမှာတော့ တနိုင်တပိုင် ထုတ်လုပ်ကာ အနီးအနားဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေအတွက် လှူဒါန်းနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ Mask အကူပစ္စည်းကို ထုတ်လုပ်ရောင်းချသွားဖို့ အစီအစဉ် မရှိဘဲ လိုအပ်တဲ့နေရာတွေကို ကူညီလှူဒါန်းသွားဖို့သာ ရှိတယ်လို့ ဆိုပါတယ်။
“လတ်တလောမှာတော့ Quinn တီထွင်လိုက်တဲ့ ဒီအကူပစ္စည်းလေးကြောင့် ဆေးရုံဝန်ထမ်းတွေအနေနဲ့ တော်တော်လေး အသုံးတည့်နေတာ ကြားရတော့ ဝမ်းသာမိပါတယ်။ အသုံးလိုတဲ့ လူတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းသွားမှာပါ” လို့ Quinn ရဲ့မိခင်ဖြစ်သူ Heather က ဆိုပါတယ်။
Ref. www.boredpanda.com
You may also like these stories:
Melania Trump ကတော့ Mask ဝတ်ပြီ
Mask တွေ ထုတ်လုပ်နေပြီဖြစ်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Louis Vuitton
ကိုဗစ်ကာလအတွင်း ဂျပန် ဘွဲ့နှင်းသဘင်များမှာ စက်ရုပ်အစားထိုး အသုံးပြု ကျင်းပ