အီတလီ မှတ်တမ်းတင် ဓာတ်ပုံဆရာတဦးဖြစ်တဲ့ Filippo Venturi ဟာ Lockdown ကာလအတွင်း အီတလီရဲ့ မြင်ကွင်းတွေကို ဓာတ်ပုံရိုက်ကူးကာ လူမှုကွန်ရက် စာမျက်နှာတွေပေါ် ပြန်လည် မျှဝေခဲ့ပါတယ်။
သူဟာ နွေရာသီ မတိုင်ခင်ကတည်းက တရုတ်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် အီတလီမှာပဲ နေထိုင်နေခဲ့ရတာပါ။ ဇန်နဝါရီလမှာတော့ သူဟာ သူ့ရဲ့ မွေးရပ်ဖြစ်တဲ့ အီတလီနိုင်ငံ၊ Forlì မြို့ရဲ့ မြို့တွင်း မြင်ကွင်း တချို့ကို ဓာတ်ပုံရိုက်ဖို့ ခရီးစဉ်တခု ရေးဆွဲခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာ တဖြည်းဖြည်း ဆိုးဝါးလာခဲ့တဲ့ ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် နိုင်ငံတိုင်း ခရီးသွားလာမှု ထိန်းချုပ် ကန့်သတ်လိုက်ချိန်မှာတော့ Filippo ဟာ အကြပ်ရိုက်ခဲ့ပြီး လတ်တလော သူနေထိုင်ရာ နေရာနဲ့ ပတ်ဝန်းကျင်အနှံ့ကို ဓာတ်ပုံရိုက်ဖို့ စိတ်အားထက်သန်ခဲ့ပါတော့တယ်။
ဓာတ်ပုံဆရာ တယောက်အတွက် မြို့တွင်း သီးသန့် သွားလာခွင့်ကိုလည်း ရရှိခဲ့တာ ဖြစ်တာကြောင့် Filippo ဟာ အဖော်တယောက်နဲ့ သားဖြစ်သူ Ulisse တို့နဲ့အတူ ဓာတ်ပုံရိုက်ကူးရေး အစီအစဉ်ကို စတင်ခဲ့တာပါ။
“ရိုးရှင်းတဲ့ အရာဝတ္ထုတွေကို ပြန်လည် ရှာဖွေဖို့ ၊ နေရာလွတ်တွေနဲ့ လူသူကင်းရှင်းနေတဲ့ အခြေအနေတွေကို အသေအချာ ရိုက်ကူးဖို့ ကျနော် စိတ်ကူးမိပါတယ်” လို့ Filippo က ဆိုပါတယ်။
“Yard Time” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ဓာတ်ပုံစီးရီးမှာ သူနေထိုင်ရာ အိမ်ပြတင်းပေါက်ကနေ ပတ်ဝန်းကျင်အနှံ့ ရိုက်ကူးထားတဲ့ သူ့မွေးရပ်မြေ မြင်ကွင်းတွေဟာ ကြည့်ရှုသူတွေကို တမျိုးတဖုံ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သီးခြား နေထိုင်နေကြတဲ့ အိမ်နီးချင်းတွေရဲ့ လှုပ်ရှားမှုတွေ၊ အိမ်တချို့ရဲ့ ဥယျာဉ် အသေးစားလေးတွေအပြင် သူရိုက်ကူးထားတဲ့ အရာဝတ္ထုနဲ့ မြင်ကွင်းတွေဟာ အီတလီမြောက်ပိုင်း မြို့တမြို့ကို အသေးစိတ် ဖော်ကြူးထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။
Ref. www.thecut.com