ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ထိုင်းနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားတာဟာ နောက်လ အနည်းငယ်ထိ ရပ်တန့်နေဦးမယ်ဆိုရင် အလုပ်သမား ၁၀ သန်းကျော်လောက် အလုပ်လက်မဲ့ဖြစ်လာနိုင်တယ်လို့ စီးပွားရေး အကြံပေးတွေက ပြောကြားလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံရဲ့ အင်အားကြီး စီးပွားရေးနိုင်ငံမှာတောင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ရိုက်ခတ်ဒဏ်တွေကြောင့် စီးပွားရေး တဟုန်ထိုး ကျဆင်းမှုကို ဦးတည်နေပါတယ်။
“လတ်တလော အခြေအနေတွေကြောင့် အလုပ်လက်မဲ့ ၇ သန်းရှိနေပါပြီ။ ဒီအတိုင်း လအနည်းငယ်လောက် ဆက်ဖြစ်နေဦးမယ်ဆိုရင် အလုပ်လက်မဲ့ ၁၀ သန်း ကျော်လောက်ထိ တိုးလာနိုင်တယ်” လို့ ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူ Kalin Sarasin က ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လုပ်သားအင်အား ၃၈ သန်းလောက် ရှိတဲ့ထဲက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ ၁၀ သန်းအထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ အစိုးရအဖွဲ့ဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အစိုးရက အဆိုပါ စီးပွားရေး ကျဆင်းလာမှုကို ထောက်ကန်ပေးဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။
အဓိကအနေနဲ့ အလုပ်အကိုင်တွေ ဆက်လက် တည်ရှိနေအောင် အတိုးနှုန်းနည်းနည်း ချေးငွေရနိုင်ဖို့၊ အခွန် လျှော့ချပေးဖို့နဲ့ ရင်းနှီးငွေ မတည်ပေးဖို့ အချက်တွေကို အစိုးရထံ တောင်းခံသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂,၅၇၉ ဦးရှိပြီး အယောက် ၄၀ သေဆုံးခဲ့တာကြောင့် နိုင်ငံတွင်းမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားရပါတယ်။ ထိုင်းနိုင်ငံ ဗဟိုဘဏ်ကလည်း စီးပွားရေးဟာ ၁၉၉၈ အာရှငွေးကြေး အကြပ်ရိုက်မှု ကာလနောက်ပိုင်း အဆိုးဆုံး အခြေအနေရောက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ မနှစ်ကဆိုရင် ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံလောက် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ခရီးသွားဧည့်သည် ၃၉ သန်းကျော် လာရောက် လည်ပတ်ခဲ့ကြပြီး ဒီထဲကမှ ၁၀ သန်းကျော်ဟာ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။
Ref: Reuters
You may also like these stories:
ဗြိတိန်မှာ လေယာဉ်တွေကို အထူးကြပ်မတ်ဆောင်အဖြစ် ပြောင်းလဲရန် စီစဉ်နေ
ရရှိမယ့် လစာတွေကို ဝန်ထမ်းတွေအတွက် ကူညီလိုက်တဲ့ Disney အလုပ်အမှုဆောင်များ