Trend

စင်ကာပူမှာ အပြင်ထွက်ရင် မဖြစ်မနေ Mask တပ်ရမယ်လို့ အမိန့်ထုတ်

စင်ကာပူနိုင်ငံမှာ ဧပြီလ ၁၅ ရက်ကစလို့ လူတိုင်း အိမ်ပြင်ထွက်တဲ့အခါ မဖြစ်မနေ Mask တပ်ရမယ်လို့ ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၀၀၀ ကျော်လာချိန်မှာ အစိုးရဘက်က အဆိုပါ ဥပဒေသစ်ကို ထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်ကို ချိုးဖောက်မယ်ဆိုရင် စင်ကာပူဒေါ်လာ ၃၀၀ ဒဏ်ရိုက်မှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံချိုးဖောက်မယ်ဆိုရင်တော့ စင်ကာပူဒေါ်လာ ၁,၀၀၀ ထိ ချမှတ်သွားမယ်လို့ ဆိုပါတယ်။ COVID-19 ကာလအတွင်း ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေထဲမှာ အိမ်ပြင်ထွက်တိုင်း Mask မဖြစ်မနေ တပ်ရမယ့် ဥပဒေသစ်ဟာ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီက စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရတော့ စင်ကာပူနိုင်ငံသား အားလုံးနီးပါး အပြင်ထွက်တဲ့အခါ Mask တပ်ကြပေမယ့် တချို့မတပ်သူတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။ Mask မတပ်မနေရ ဥပဒေသစ်မှာ အသက် ၂ နှစ်ကစလို့ လူတိုင်း အိမ်ပြင်ထွက်မယ်ဆိုရင် အကာအကွယ်နှာခေါင်းစည်း Mask တွေ တပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးငယ်တွေကိုပါ ကူးစက်မှုတွေ ရှိလာတာကြောင့် အသက် ၂ နှစ်အရွယ်ကစလို့ ကလေးသုံး Mask တွေ တပ်ပေးရပါမယ်။ အားကစားနဲ့ ပြင်းပြင်းထန်ထန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ့်သူတွေကတော့ လုပ်နေစဉ်မှာ Mask ခဏဖြုတ်ထားနိုင်ပြီး ပြီးသွားရင် ပြန်တပ်ရမယ်လို့ ဆိုပါတယ်။ လမ်းလျှောက်တာကိုတော့ ခွန်အားသုံးလုပ်တဲ့ထဲ မထည့်ထားပါဘူး။

တယောက်တည်း ကားမောင်းတဲ့အချိန် ဒါမှမဟုတ် တအိမ်တည်း တူတူနေသူတွေ ကားပေါ်ပါလာခဲ့ရင် Mask မတပ်လို့ရပါတယ်။ ဥပဒေမှာ ပြဆိုထားချက်အရ လုပ်ငန်းခွင်မှာ လိုအပ်ချက်အရ ဝတ်ဆင်ရတဲ့အရာမျိုးရှိရင် ဥပမာ ဂဟေဆော်တဲ့သူတွေ မျက်နှာအကာဝတ်ရရင် Mask မတပ်လို့ ရပါတယ်။

အသက် ၂ နှစ်အောက်ကလေးငယ်တွေကတော့ ဆေးပညာကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ Mask တပ်စရာမလိုအပ်ဘူးလို့ National Development ဝန်ကြီး Lawrence Wong က ဆိုပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက နောက်ဆုံးထုတ်ပြန်အကြံပြုချက်တွေအရ စင်ကာပူနိုင်ငံသားတွေကိုလည်း ပြန်လည် အသုံးပြုနိုင်တဲ့ အဝတ်စ Mask တွေ ဖြန့်ဖြူးပေးသွားဖို့ ရှိပါတယ်။

“တတ်နိုင်သ၍ အကြောင်းကိစ် စမရှိဘဲ အိမ်ပြင်မထွက်ကြပါနဲ့။ အိမ်မှာပဲ နေပြီး လက်ကို သန့်စင်အောင်ထားပါ။ အစားအသောက်နဲ့ လိုအပ်တာတွေ ဝယ်ဖို့ အပြင်ထွက်ရတော့မယ်ဆိုရင်လည်း မဖြစ်မနေ Mask တပ်ကြပါ” လို့ မစ္စတာ Wong က တိုက်တွန်းလိုက်ပါတယ်။

Ref: Channel News Asia

You may also like these stories:

ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း

Lockdown ကာလအတွင်း အီတလီရဲ့ မြင်ကွင်း တချို့ကို ဓာတ်ပုံ ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာ

လိုတာယူပြီး ပိုတာထားသွားနိုင်တဲ့ Pantry ဖန်တီးပေးထားတဲ့ US က မိသားစု

Loading