Trend

ကိုဗစ် ကူးစက်မှု ကျဆင်းပါက ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့မည်

ထိုင်းအစိုးရက COVID-19 ကူးစက်မှုနှုန်း ကျဆင်းသွားမယ်ဆိုရင် ဧပြီလကုန်အထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို ဖြေလျှော့ပေးသွားဖို့ ရှိပါတယ်။ အစိုးရအဖွဲ့ဟာ နိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဧပြီလ ၃ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့ အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။

COVID-19 အခြေအနေ စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ချက်အရ ဧပြီလ ၁၅ ရက်နေ့မှာ ကူးစက်ခံရသူ အယောက် ၃၀ ရှိခဲ့ပြီး လက်ရှိမှာတော့ ကူးစက်ခံလူနာ စုစုပေါင်း ၂,၆၇၂ ယောက် ရှိနေပါပြီ။ ဗုဒ္ဓဟူးနေ့မှာ ကူးစက်ခံရသူ အရေအတွက်ဟာ အင်္ဂါနေ့ကထက် ၄ ယောက် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ

ဧပြီလ ၁၅ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအရေအတွက် ကျဆင်းလာတာတွေ့ရပြီး ဆက်တိုက် ကျဆင်းနေမယ်ဆိုရင် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ဖြေလျှော့သွားမှာဖြစ်ပေမယ့် ထပ်မံ ကူးစက်လာနိုင်ချေရှိတာတွေကိုလည်း ကာကွယ်ထားရမယ်လို့ ဆိုသလို COVID-19 အခြေအနေ စောင့်ကြည့်ရေးဌာနက နိုင်ငံအဆင့် အရေးပေါ်အခြေအနေ သတ်မှတ်ချက်ရဲ့ နောက်ဆုံးရက် ဧပြီလ ၂၆ ရက်ကိုလည်း ထပ်မံ တိုးမြင့်သွားဖို့ ဆန္ဒရှိနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

“အရေးပေါ်အခြေအနေကာလမှာ စည်းကမ်း သတ်မှတ်ချက်တွေက တကယ်ပဲ ထိရောက်မှု ရှိပါတယ်။ အစိုးရဘက်ကလည်း အတိုးအလျှော့တွေ လုပ်ပေးသွားမှာပါ” လို့ ဆိုပါတယ်။

ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးဖို့ တောင်းဆိုသူ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။ ချောင်ဘူရီခရိုင်ထဲက လျှပ်စစ်အရောင်းဆိုင်တွေကို မေလ ၁ ရက်ကစပြီး ပြန်လည် ဖွင့်လှစ်ဖို့ တာဝန်ရှိသူတွေက ခွင့်ပြုပေးထားပါတယ်။

Mahidol တက္ကသိုလ် ဆေးပညာဌာန၊ Siriraj ဆေးရုံက ဒေါက်တာ ပရာဆစ်ကတော့ ကန့်သတ်လိုက်ချိန် ၁၄ ရက်အတွင်းမှာ ကူးစက်နှုန်းတွေ ကျဆင်းလာပြီး ဧပြီလ ၉ ရက်နေ့ကစလို့ ထိုင်းနိုင်ငံရဲ့ ကူးစက်မှုအညွှန်းကိန်းမှာ လျော့ကျသွားတာကို မြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။

 

နိုင်ငံတဝှမ်း ကူးစက်နှုန်းလျော့ကျသွားတာဟာ ရောဂါကာကွယ် ထိန်းချုပ်ရေးတွေကို လျှော့ချလိုက်ဖို့ မဟုတ်သလို၊ နောက်ထပ် ဖြစ်လာမယ့် ကူးစက်မှုတွေအတွက်လည်း ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အကယ်၍ ထိုင်းနိုင်ငံဟာ ကူးစက်မှုနှုန်း လက်ရှိထက် ပိုများလာခဲ့မယ်ဆိုရင် ဆေးရုံသုံး ခုတင်၊ ဆေးပစ္စည်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း လုံလောက်မှုမရှိဘဲ ပြတ်လပ်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒေါက်တာ ပရာဆစ်က နိုင်ငံတဝှမ်း ကာကွယ်ထိန်းချုပ်ရေးတွေ စနစ်တကျ လုပ်ဆောင်နေတာကြောင့် နေ့စဉ် ကူးစက်နှုန်း ၃၀၊ ၄၀ လောက်ထိ လျော့ကျလာသလို သေဆုံးမှုနှုန်း လျော့နည်းသွားတာကို မြင်တွေ့လာရပြီလို့ ဆိုပါတယ်။

Ref: Bangkok Post

You may also like these stories:

ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း

Lockdown ကာလအတွင်း အီတလီရဲ့ မြင်ကွင်း တချို့ကို ဓာတ်ပုံ ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာ

လိုတာယူပြီး ပိုတာထားသွားနိုင်တဲ့ Pantry ဖန်တီးပေးထားတဲ့ US က မိသားစု

Loading