ကမ္ဘာ့အကြီးဆုံး အသွားအလာ ကန့်သတ်ထိန်းချုပ်ထားတဲ့ အိန္ဒိယနိုင်ငံမှာ Lockdown ကာလကို ထပ်မံ တိုးမြှင့်သွားမယ်လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဧပြီလ ၁၄ ရက်က ကြေညာလိုက်တာဟာ ဆင်းရဲသားတွေအတွက် အခက်အခဲ ဒုက္ခတွေ ထပ်မံ ကြုံတွေ့ရနိုင်ပါတယ်။
မတ်လ နောက်ဆုံးပတ်ကစလို့ မေလ ၃ ရက်ထိ Lockdown ကာလ တိုးမြှင့်လိုက်တာဟာ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံကျော်ရှိတဲ့ ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံး အိန္ဒိယနိုင်ငံထဲက အလုပ်ကြမ်းသမားတွေနဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက် ပိုမို ခက်ခဲသွားစေပါတယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Jharkhand ဒေသက အသက် ၄၂ နှစ်အရွယ် လက်ဒါဟာ lockdown ကာလကြောင့် အရင်တုန်းက တနေ့ကို ရူပီး ၃၀၀ (အမေရိကန်ဒေါ်လာ ၃ ဒဿမ ၉၁) နီးပါး လောက်ပဲ ဝင်ငွေရှိခဲ့ပေမယ့် ခုတော့ အလုပ်မရှိတာ တလနီးပါး ရှိနေပါပြီ။ သမီးနှစ်ယောက်ကို တဦးတည်း ရှာဖွေကျွေးမွေးနေတဲ့ လက်ဒါ တို့မိသားစု အတွက် ခုချိန်မှာ ပရဟိတ အဖွဲ့စည်းတွေရဲ့ ထောက်ပံ့မှုနဲ့ပဲ ရပ်တည် စားသောက်နေရတယ်လို့ ဆိုပါတယ်။
အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပြည်သူတွေရဲ့ ၆၇ ရာခိုင်နှုန်းနီးပါးကို စားနပ်ရိက္ခာဝေမျှပေးနေတယ် ဆိုပေမယ့် နိုင်ငံတွင်းမှာရှိတဲ့ ဆင်းရဲသား သန်း၁၀၀ နီးပါးအတွက် လောက်ငှမှု မရှိသေးဘူးလို့ လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
အိန္ဒိယအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့လာမှာကို တားဆီးတဲ့အနေနဲ့ နိုင်ငံတဝှမ်း ကန့်သတ် ထိန်းချုပ်မှုတွေ လုပ်လိုက်တာကြောင့် လိုအပ်တဲ့ ပြည်သူတွေကို အမေရိကန်ဒေါ်လာ ၂၂ ဒဿမ ၆ ဘီလီယံဖိုး နီးပါး ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားထားပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံတွင်း ကူးစက်ခံလူနာ ၁၃,၄၃၀ ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၄၄၈ ယောက် ရှိသွားပါပြီ။
ဝေငှပေးမယ့် ထောက်ပံ့မှုတွေထဲမှာ အိန္ဒိယလူမျိုးတွေရဲ့ အဓိက အစားအစာဖြစ်တဲ့ ဆန် (သို့မဟုတ်) ဂျုံတွေကို ပြည်သူ ၈၁၃ သန်းကျော်ကို ၃ လစာ ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း ထောက်ပံ့မှုတွေဟာ ဆင်းရဲသားတွေဆီ အပြည့်အဝ မရခဲ့တာကြောင့် တော်တော်များများကတော့ စားသောက်ရေးအတွက် ရုန်းကန်နေကြရဆဲ ဖြစ်နေပါတယ်။
ကိုယ့်ဒေသ မပြန်နိုင်ဘဲ မြို့တော် မွမ်ဘိုင်းမှာ ပိတ်မိနေသူတွေကိုလည်း Lockdown ကာလ ပြီးတဲ့အထိ အစားအသောက်တွေ ထောက်ပံ့ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောထားပေမယ့် အခုချိန်ထိ ထောက်ပံ့မှု မရသေးသူတွေ ကျန်ရှိနေဆဲပဲလို့ နေရပ်ကို မပြန်နိုင်ဘဲ မြို့တော်ထဲ ပိတ်မိနေသူတဦးက ဆိုပါတယ်။
ဒါပေမဲ့ အစိုးရတာဝန်ရှိသူတွေကတော့ မြို့တော်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းလုပ်သား ၆ သိန်းကျော်ကို တနေ့ ၃ နပ်နှုန်းနဲ့ ကျွေးမွေးထောက်ပံ့ပေးထားတယ်လို့ ပြောကြားထားပါတယ်။ နိုင်ငံတွင်း ကန့်သတ်ပိတ်ဆို့မှုတွေ တိုးမြှင့်လိုက်ပေမယ့်လည်း လယ်ယာလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုတော့ ဖြေလျှော့ ပေးထားပါတယ်။
Ref: South China Morning Post