အမေရိကန်နဲ့ ယူအေအီး အပါအဝင် နိုင်ငံအချို့မှာ ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတာတွေ ရှိလာတယ်လို့ သိရပါတယ်။
အမေရိကန်မှာ COVID-19 ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးဆုံးဖြစ်နေတဲ့ နယူးယောက် ပြည်နယ်အတွင်း Lockdown များ ဆောင်ရွက်ထားချိန်မှာ စုံတွဲများ အွန်လိုင်း လက်ထပ်ခွင့်ပြုတဲ့ အမိန့်တရပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
နယူးယောက် ပြည်နယ်အတွင်း COVID-19 တိုက်ဖျက်ရေး Lockdown အစီအမံတွေကို မေလ ၁၅ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ထားပါတယ်။ နယူးယောက်ဟာ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးနေရာဖြစ်နေပြီး ပြည်နယ်မြို့တော် နယူးယောက် မြို့တမြို့တည်းမှာတင် သေဆုံးသူ ၁၃၀၀၀ ကျော် ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ နယူးယောက်မှာ နေထိုင်ကြတဲ့ စုံတွဲတွေဟာ လက်ထပ်စာချုပ်ကို အွန်လိုင်းမှတဆင့် လျှောက်ထားရယူနိုင်ပြီး မင်္ဂလာပွဲတွေကို အွန်လိုင်းမှာ စီစဉ် ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။ နယူးယောက်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် သွားလာမှု ပိတ်ပင်ကန့်သတ်ပြီး Lockdown လုပ်ထားခဲ့ရာ မင်္ဂလာပွဲအများအပြား ရွှေ့ဆိုင်းခဲ့ကြရပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူးက အွန်လိုင်းမှ လက်ထပ်ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုမျိုးစုံ ထွက်ပေါ်နေပါတယ်။ အချို့က စုံတွဲတွေဟာ သူတို့ရဲ့ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ တက်ရောက်နိုင်ခြင်း မရှိချိန်မှာ ဘာအတွက်ကြောင့် မင်္ဂလာပွဲ ကျင်းပဖို့ ရွေးချယ်ရမှာလဲလို့ မေးခွန်းထုတ်ထားတာတွေလည်း ရှိနေပါတယ်။
ဝေဖန်သူအချို့ကတော့ အုပ်ချုပ်ရေးမှူးဟာ ပြည်နယ်အတွက် အခြား ဆုံးဖြတ်ချက်တွေကို ဦးစားပေး ဆောင်ရွက်မှု မရှိကြောင်း ပြောဆိုကြပါတယ်။
ကပ်ရောဂါကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်နိုင်ခြင်းကြောင့် စုံတွဲတွေအနေနဲ့ ကျန်းမာရေးအာမခံကို မျှဝေ ခံစားခွင့်ကဲ့သို့ လက်တွေ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်း ထောက်ပြကြသူတွေလည်း ရှိနေပါတယ်။ နယူးယောက်ဟာ စုံတွဲတွေကို အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ ပထမဆုံးနေရာ မဟုတ်ဘူးလို့ သိရပါတယ်။
အင်ဒိုနီးရှား၊ ယူအေးအီးစတဲ့ နိုင်ငံတွေမှာလည်း အင်တာနက်မှတဆင့် လက်ထပ်ခွင့်ကို ခွင့်ပြုထားတယ်လို့ သိရပါတယ်။ အင်တာနက်နဲ့ ချိတ်ဆက်ပြုလုပ်တဲ့ မင်္ဂလာပွဲမှာ လက်ထပ်စာချုပ် မှတ်ပုံတင်စာရင်းသွင်းသူနဲ့ အသိသက်သေများ ပါဝင်ပြီးမှသာ လက်ထပ်ထိမ်းမြားမှု အထမြောက်စေတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
Ref. BBC, aljazeera, AFP
You may also like these stories:
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း
တရုတ်နိုင်ငံမှ ဂျပန်လုပ်ငန်းများ ရွှေ့ပြောင်းရေး ဂျပန်အစိုးရငွေကြေးထောက်ပံ့မည်