အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသ တားဆီးမှုနဲ့ အစိုးရရဲ့ စီမံချက်တွေ၊ ကျန်းမာရေး ဝန်ကြီးဌာနနဲ့အတူ လောလောဆယ် ဖွဲ့စည်းထားတဲ့ Centre for Covid-19 Situation Administration (CCSA) အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထိုင်းလူထုက လက်ခံကြိုဆိုကြတာ တွေ့ရပါတယ်။
ဒီနေ့ တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိဘဲ Positive အဖြစ် အသစ်တွေ့ရှိတဲ့ လူနာဟာ ၃၀ မကျော်တာကို တွေ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်းမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိပြီး နောက်ပိုင်း လက်ရှိအချိန်အထိ သေဆုံးခဲ့သူပေါင်း ၄၇ ဦး ရှိခဲ့ပါပြီ။ လူနာကတော့ ၂,၇၀၀ ကျော်ရှိပြီး အတော်များများဟာ ဆေးရုံကဆင်းခဲ့ရပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ သုံးရက်ဆက်တိုက် လူနာအသစ်ကို မတွေ့ခဲ့သလို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တော်ကြီးမှာလည်း ၈ ဆက်တိုက် လူနာအသစ် မတွေ့ရှိတဲ့အတွက် သတင်းကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကတော့ ဧပြီလရဲ့ နောက်ဆုံးအပတ်မှာ ပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ်လို့ ပြောကြားထားပါတယ်။
ထိုင်းလူထုက ဘယ်လိုပူးပေါင်းဆောင်ရွက်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ အခုအချိန်မှာ ကူးစက်တဲ့နှုန်းဟာ ကိန်းဂဏန်းဟာ လျော့သွားသော်လည်းပဲ စိတ်ကျေနပ်လောက်တဲ့ နံပါတ်ကို လိုချင်ပါတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လောလောဆယ် ပိတ်ထားတဲ့ Shopping Mall တွေကို မေလ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေပါတယ်။ CCSA ရဲ့ အဆိုအရတော့ ဝန်ကြီးချုပ်ကပဲ ဧပြီလ နောက်ဆုံးအပတ်မှာ အဆုံးအဖြတ် ပေးမှာလို့ ဆိုပါတယ်။
CCSA ရဲ့အဆိုအရ ပိုးကူးစက်သူ လူနာအသစ် မတွေ့တာဟာ သတင်းကောင်း ဆိုသော်လည်းပဲ မပေါ့ဆကြဖို့ သတိပေးထားပါတယ်။
CCSA အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဝင်ရောက်ချိန်ကစပြီး ဖွဲ့ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး နေ့စဉ် ရုပ်မြင်သံကြားကနေ လေလှိုင်းကနေ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သေသေချာချာတွက်ပြီး အကြိမ်ပေါင်းများစွာ ရှင်းပြနေတာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၆,၅၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားကတော့ ၆,၂၀၀ ကျော်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာတော့ ရောဂါပိုးရှိသူပေါင်း ၆,၀၀၀ ကျော်ဝန်းကျင် ရှိပါတယ်။
စင်ကာပူမှာရှိတဲ့ နိုင်ငံခြားအလုပ်သမားတွေ နေထိုင်တဲ့တန်းလျားမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ အများအပြားကို တွေ့ခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅,၃၀၀ ကျော်ရှိပြီး ၂,၀၀၀ ကျော်ဟာ ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
You may also like these stories:
အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာတဲ့ စင်ကာပူ
COVID -19 စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်
အာဖဂန်သမ္မတနန်းတော်ရှိ ဝန်ထမ်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ