COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့အတူ တရုတ်နဲ့ အမေရိကန်အကြား အပြန်အလှန် စွပ်စွဲမှုတွေဟာ ပိုလို့ ပြင်းထန်လာခဲ့ပါတယ်။
ဒီတပတ်မှာတော့ အမေရိကန် သမ္မတကြီး ထရမ့်က တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ခဲ့သလားလို့ စွပ်စွဲလိုက်ပါတယ်။ ဒီလို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့ရင်တော့ အကျိုးဆက်တွေကို ခံစားရမယ်လို့ အမေရိကန် သမ္မတက သတိပေးလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအကျိုးဆက်တွေကို တရုတ်က တွေ့ကြုံရင်ဆိုင်ရမယ် ဆိုတာကိုတော့ မပြောဆိုခဲ့ပါဘူး။
သမ္မတထရမ့်က တရုတ်ကို လက်ညှိုးထိုးအပြစ်ရှာတာဟာ သူ့ရဲ့ပြည်တွင်းမှာ ထရမ့်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးမှာ အမှားအယွင်းတွေ များစွာလုပ်ခဲ့ပြီး လူပေါင်း ၄ သောင်းကျော် အခုအချိန်အထိ သေဆုံးခဲ့တာကို ဝိုင်းအပြစ်တင် ခံနေရတာကို လမ်းလွှဲတဲ့အနေနဲ့ တရုတ်ကို အပြစ်ရှာနေတာလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း W.H.O ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို တရုတ်နဲ့ ပိုပြီးနီးစပ်တဲ့အတွက် ကူညီထောက်ပံ့ရေးတွေ ဖြတ်မယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ ထရမ့်ကို အကြံပေးနေသူတွေကတော့ တရုတ်ကို များများအပြစ်ဖို့လေလေ ၂၀၂၀ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြန်နိုင်ဖို့ သေချာတယ်လို့ ပြောဆိုခဲ့ကြောင်း New York Times သတင်းစာကြီးမှာ ရေးသားထားပါတယ်။
ထရမ့်မှာ ရန်သူမိစ္ဆာ သရဲတကောင် ရှိပြီဆိုရင် သူဟာ အမြဲအောင်မြင်လေ့ ရှိပါတယ်။ အခုအချိန်မှာတော့ တရုတ်ဟာ ထရမ့်ရဲ့ လူကြမ်းမင်းသား ဒေဝေါကြီးစစ်စစ်ပါပဲလို့ ရီပတ်ပလီကန် ပါတီရဲ့ မဟာဗျူဟာအရေး ကျွမ်းကျင်သူ Chris LaCivita က ပြောဆိုခဲ့ပါတယ်။
You may also like these stories:
ယူကေမှာ နေထိုင်တဲ့ မြန်မာဆရာဝန် COVID-19 ကြောင့် သေဆုံး
အာဖဂန်သမ္မတနန်းတော်ရှိ ဝန်ထမ်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
ကိုဗစ် ကူးစက်မှု ကျဆင်းပါက ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့မည်