ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်ရေးအတွက် အပြင်ထွက်မယ်ဆိုရင် လူတိုင်း နှာခေါင်းစည်း Mask တပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းမှာ နိုင်ငံတော်တော်များများမှာ အိမ်ပြင် ထွက်တိုင်း Mask မတပ်မနေရ အမိန့်တွေထုတ်ပြန်လာခဲ့ကြပါတယ်။
အရင်ကတော့ တခါသုံး Mask တွေ တပ်ကြပေမယ့် နောက်ပိုင်း ကူးစက်မှုတွေ များလာတဲ့အခါ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် Mask အလုံအလောက် မရှိတော့တာကြောင့် WHO ကိုယ်တိုင် အိမ်လုပ်အဝတ်စနဲ့ Mask တွေ သုံးဖို့ နှိုးဆော်လာခဲ့ပါတယ်။
ပြန်သုံးနိုင်တဲ့ အဝတ်စ Mask တွေကို စနစ်တကျ ပြန်လျှော်ပေးဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် ဘယ်လိုစနစ်တကျ ပြန်လျှော်ကြမလဲနဲ့ ဘယ်လောက်တကြိမ် ပြန်လျှော်သင့်လဲဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ အဝတ် Mask တွေကို တခါသုံးပြီးတိုင်း ပြန်လျှော်သင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ နေ့စဉ် သင့်ရဲ့ အတွင်းခံတွေကို ပြန်လျှော်သလိုပါပဲ၊ တခါသုံးပြီးတိုင်း မဖြစ်မနေ ပြန်လျှော်သင့်တယ်လို့ အကြံ ပေးထားပါတယ်။
အဝတ်စ Mask တွေကို ပြန်လျှော်တဲ့နေရာမှာ အထူးသန့်စင်ပစ္စည်းရယ်လို့ မရှိဘဲ ပုံမှန်အဝတ်လျှော် ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်တို့နဲ့ပဲ သန့်စင်နိုင်ပါတယ်။
“ဘတ်တီးရီးယားပိုးတွေကို သေစေနိုင်တယ်ဆိုတဲ့ ဆပ်ပြာမှုန့်တွေ၊ ဆပ်ပြာရည်တွေဆိုတာ ပုံမှန်ထက် အရမ်းထူးနေတာမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့် Mask တွေ ပြန်လျှော် မယ်ဆိုရင် ရေနွေးနွေးနဲ့ဆပ်ပြာတိုက်ပြီး သေချာသန့်စင်ပေးရင် လုံလောက်ပါပြီ” လို့ ချန်ဂီ အထွေထွေရောဂါ ဆေးရုံကြီးက ဒေါက်တာ ရေမွန်ဖွန်က ဆိုပါတယ်။
တကယ်လို့ အဝတ်လျှော်စက် သုံးမယ်ဆိုရင် စက်မှာ အပူဆုံးကိုချိန်ထားပြီး နေပူပူထဲမှာ အခြောက်ခံသင့်သလို အခြောက်ခံစက်နဲ့ဆိုရင်လည်း ခြောက်သွေ့သွားတဲ့အထိ လုပ်ပေးရမယ်လို့ ဒေါက်တာ ဖွန်က ဆိုပါတယ်။ လက်နဲ့ လျှော်မယ်ဆိုရင်တော့ Mask ကို ဆပ်ပြာရည်ထဲ အနည်းဆုံး တမိနစ်လောက် စိမ်ထားပြီးမှ သန့်စင်သွားတဲ့ထိ လျှော်ပေးရပါမယ်။ ပြီးရင်တော့ နေရောင် တိုက်ရိုက် ကျတဲ့နေရာမှာ အခြောက်ခံရမယ်လို့ ဆိုပါတယ်။
နေရောင်အမြင့်ဆုံးအချိန် နေ့လယ်နေရောင်ထဲမှာ ၁ နာရီကျော်လောက် ထားမယ်ဆိုရင် ရောဂါပိုး ၉၀ ရာခိုင်နှုန်းလောက် သေဆုံးတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ တကယ်လို့ နေရောင်ပြင်းပြင်း မရနိုင်တဲ့နေ့တွေမှာ မီးပူကို အပူချိန် ၇၀ ဒီဂရီ Celsius ထားပြီး မိနစ် ၂၀ လောက် တိုက်ပေးရမယ်လို့ ဒေါက်တာ ဖွန်က အကြံပေးထားပါတယ်။
Mask ပြန်လျှော်ဖို့ အချိန် မရှိတဲ့အခါ ဒါမှမဟုတ် ဆပ်ပြာမှုန့် ဓာတ်မတည့်တဲ့ သူတွေအတွက်တော့ Bleach Solution ၅ ရာခိုင်နှုန်းလောက် ပါတဲ့အရည်နဲ့ ပြန်သန့်စင်နိုင်ပါတယ်။ မသန့်စင်ခင် လက်ကို အရင်ဆုံး သန့်စင်ပေးဖို့ လိုအပ်တယ်လို့ Forbes ရဲ့ Contributor တယောက်ဖြစ်တဲ့ Tara Haelle က အကြံပေးပါတယ်။ Bleach Solution သုံးတဲ့နေရာမှာလည်း Lysol ဒါမှမဟုတ် ပိုးသတ်ဆေးရည်တွေဟာ အရည်ပြား ဓာတ်မတည့်တာတွေ ဖြစ်နိုင်လို့ မသုံသင့်ပါဘူး။
နောက်ဆုံး တချက်ကတော့ အပေါ်က နည်းလမ်းတွေ အားလုံးနဲ့ အဆင်မပြေရင် အလွယ်ကူဆုံးကတော့ သုံးပြီးသား Mask ကို ၅ မိနစ်လောက် ရေနွေးဆူဆူထဲ ထည့်ပြုတ်လိုက်ပါလို့ မြောက်ကာရိုလိုင်းနားတက္ကသိုလ်က ပေါမောက္ခ ရေချယ်နိုဘယ်က အကြံပေးပါတယ်။
“အဝတ် Mask တွေဆိုတာလည်း အိပ်ရာခင်းတွေလိုပဲ သူ့မှာလည်း သုံးစွဲသင့်တဲ့ အချိန်အတိုင်းအတာရှိပါ တယ်။ ၁၀ ခါလောက် ပြုတ်ပြီးသွားရင်တော့ ထပ်မသုံးသင့်တော့ပါဘူး” လို့ ရေချယ်က ဆိုပါတယ်။
ပြောပြပေးခဲ့တဲ့ နည်းလမ်းတွေကတော့ အိမ်လုပ် အဝတ်စနဲ့ ချုပ်လုပ်ထားတဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ Mask တွေ အတွက်ပါ။ Polyurethane Foam Mask၊ N95 နဲ့ ခွဲစိတ်ခန်းသုံး Mask တွေကတော့ တခါသုံးပြီးတာနဲ့ ပြန်လည် အသုံးမပြုသင့်သလို လျှော်ဖွတ်ပြီး ပြန်သုံးတာမျိုးလည်း မလုပ်ရပါဘူး။
Ref: Channel News Asia Lifestyle
You may also like these stories:
Mask ဝတ်တဲ့ ယဉ်ကျေးမှု အရှေ့နဲ့ အနောက် မတူပါ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစဉ်က အကြောင်းတွေကို ပြောပြတဲ့ မင်းသား Tom Hanks
အစိုးရတွေက COVID-19 ဒဏ်ချက်ကို ဘယ်လို အကူအညီတွေနဲ့ တုံ့ပြန်နေသလဲ