COVID-19 ဖြစ်ပွားပြီး နိုင်ငံအများစုက Lockdown ချလိုက်ချိန်မှာ နိုင်ငံတကာ ခရီးသွားတွေ အတွက် ဒုက္ခရောက်ကုန်ကြပါတယ်။ ဟိုတယ် အများစုကလည်း သူတို့ကို လက်မခံကြတော့သလို ကိုယ့်နိုင်ငံလည်း ပြန်လို့မရတော့ပါဘူး။ ဝင်ငွေနည်းနည်းနဲ့ တိုင်းတပါးကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေက ပိုဆိုးပါတယ်။
အခုလည်း ဝင်ငွေနည်းနည်းနဲ့ အိန္ဒိယမှာ သောင်တင်နေတဲ့ နိုင်ငံခြားသား ၆ ယောက်ကို သူတို့ နေထိုင်ရာ ဂူထဲကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက Lockdown ချပြီးနောက်ပိုင်း အဆိုပါ နိုင်ငံခြားသားတွေဟာ နေစရာလည်း မရှိ၊ ပြန်စရာလည်း မရှိတော့တဲ့အတွက် အိန္ဒိယနိုင်ငံ မြောက်ပိုင်းက Rishikesh က ဂူတဂူထဲမှာ နေထိုင်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ မတ်ည ၂၄ ရက်ကတည်းက လေကြောင်းလိုင်း ၊ မီးရထားနဲ့ အခြားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းထားခဲ့ပါတယ်။
ဂူအတွင်းမှာတွေ့ရှိခဲ့တဲ့ နိုင်ငံခြားသား ၆ ယောက်စလုံးဟာ သတ်မှတ်ထားတဲ့အတိုင်း Quarantine ဝင်ခဲ့ပြီး COVID-19 ကူးစက်ခံထားရခြင်း မရှိပါဘူး။ အမျိုးသား ၄ ယောက် ၊ အမျိုးသမီး ၂ ယောက် ပါဝင်တဲ့ ဂူအတွင်းထဲက နိုင်ငံခြားသားတွေဟာ ယူကရိန်း၊ အမေရိကန်၊ တူရကီ၊ ပြင်သစ်နဲ့ နီပေါ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အိန္ဒိယနိုင်ငံကို သီးခြားဆီ ရောက်ရှိလာခဲ့ကြပြီး ပိုက်ဆံနည်းပါးတဲ့အတွက် ဟိုတယ်ငယ်လေးတွေမှာ နေထိုင်ခဲ့ကြပါတယ်။
သူတို့နေထိုင်ခဲ့ကြတဲ့ Rishikesh ဟာ ဟိမဝန္တာတောင်ခြေမှာ တည်ရှိပြီး ခရီးသွားတွေအကြား ရေပန်း စားတဲ့ နေရာ တနေရာပါ။ သူတို့တွေဟာ ဂူအတွင်းမှာ ၂၅ ရက်ကြာနေထိုင်ခဲ့ကြပါတယ်။ နီပေါနိုင်ငံ သားဟာ ဟင်ဒီစကား ကျွမ်းကျင်တဲ့အတွက် အခြားသူတွေ လိုအပ်တဲ့ ပစ္စည်းတွေကို နေ့စဉ် သွား ရောက် ဝယ်ပေးလေ့ ရှိပါတယ်။
အခုချိန်မှာတော့ သူတို့တွေဟာ ဘုရားကျောင်းတွေမှာ နေထိုင်နေကြပြီး အိန္ဒိယအစိုးရက စားရေး သောက်ရေးအတွက် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories:
နိုင်ငံတကာခရီးသွားများစွာ အာရှနိုင်ငံတွေမှာ သောင်တင်နေ