အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်က COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။
မစ်ဆူရီပြည်နယ်က တရုတ်အစိုးရကို တမင်ရည်ရွယ် လိမ်လည်မှုနဲ့ ကပ်ရောဂါ ရပ်တန့်ဖို့အတွက် လုံလောက်တဲ့ အရေးယူ ဆောင်ရွက်ချက် မရှိမှုတို့နဲ့ ဧပြီ ၂၁ ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် မစ်ဆူရီပြည်နယ်မှာ နေထိုင်ကြသူတွေဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ထိခိုက်နစ်နာမှုတွေ ကြုံခဲ့ကြရတယ်လို့ ပြည်နယ်ရှေ့နေချုပ် Eric Schmitt က ပြောပါတယ်။
မစ်ဆူရီပြည်နယ်ရဲ့ တရားစွဲဆိုမှုဟာ COVID-19 ကိစ္စမှာ အမေရိကန်ပြည်နယ်တခုက တရုတ်အစိုးရကို ပထမဆုံး တရားစွဲဆိုမှုလည်း ဖြစ်ပြီး အမေရိကန်လွှတ်တော်မှာ တရုတ်အစိုးရကို ပြစ်ဒဏ်ပေးဖို့နဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုမှာ တရုတ်အစိုးရဲ့ အခန်းကဏ္ဍကို အာရုံစိုက်ဖို့ သမ္မတ ဒေါ်နယ်ထရန့်က စည်းရုံးလှုံဆော်မှုတွေ ပြုလုပ်နေချိန်အတွင်း အခုလို တရားစွဲဆိုမှု ရှိလာခဲ့တာ ဖြစ်ပါတယ်။
“တရုတ်အစိုးရက COVID-19 ရဲ့ အန္တရာယ်နဲ့ ကူးစက်မြန်တဲ့ သဘာဝနဲ့ ပတ်သက်ပြီး ကမ္ဘာကို လိမ်လည်ခဲ့တယ်။ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဖွင့်ချသူတွေကိုလည်း နှုတ်ပိတ်စေခဲ့ပြီး ရောဂါ ကူးစက်ပျံ့နှံ့မှု ရပ်တန့်ဖို့ အနည်းအကျဉ်းသာ လုပ်ဆောင်ခဲ့တယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် သူတို့ တာဝန်ခံရမယ်” လို့ မစ်ဆူရီ ရှေ့နေချုပ်က ပြောပါတယ်။
အမေရိကန်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုအပေါ် ကိုင်တွယ် ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေက သမ္မတကို ဝေဖန်မှုတွေ ရှိနေပြီး ကန့်ကွက် ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပါတီက ဦးဆောင်တဲ့ မစ်ဆူရီပြည်နယ်က တရုတ်အစိုးရထံမှ ပမာဏ သတ်မှတ် မထားတဲ့ လျော်ကြေးငွေ ရရှိစေနိုင်ဖို့အတွက် ပြည်ထောင်စု တရားရုံးကို ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုလိုက်ပါတယ်။
လက်ရှိမှာ အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပြီး သေဆုံးသူလည်း အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
Ref. CNN, AFP
You may also like these stories:
ယူကေမှာ နေထိုင်တဲ့ မြန်မာဆရာဝန် COVID-19 ကြောင့် သေဆုံး
ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံများရှိလာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစဉ်က အကြောင်းတွေကို ပြောပြတဲ့ မင်းသား Tom Hanks