တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ရောဂါကြီးဟာ အခုချိန်အခါမှာတော့ တကမ္ဘာလုံးမှာ ပျံ့နှံ့နေပါပြီ။ ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွေအရ ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံနေရသူပေါင်း ၂,၆၃၈,၈၅၂ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၈၄,၂၄၈ ယောက် ရှိသွားခဲ့ပါ ပြီ။ ပြန်လည်ကျန်းမာလာသူ အရေအတွက် ၇၂၂,၀၃၉ ယောက် ရှိသွားခဲ့ပါပြီ။
တရုတ်အစိုးရအနေနဲ့ COVID-19 ကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာကို ထောက်ပံ့ရေး ပစ္စည်းတွေ လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အရေးပေါ်လို အပ်နေတဲ့ အသက်ရှူစက်တွေကို လှူဒါန်းခဲ့ပါတယ်။
ဧပြီ ၂၂ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာတဲ့ အသက်ရှူစက်တွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က မြန်မာနိုင်ငံ အစိုးရ ကိုယ်စားလှယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မြင့်ဇော်(တပ်မှူး) (အမှတ် ၁ တပ်မတော်ဆေးရုံကြီး) တို့ထံ သက်ဆိုင်ရာစက်ပစ္စည်းတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook Page မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ COVID-19 ကို ကာကွယ်နိုင်ဖို့ တရုတ်အစိုးရအနေနဲ့ နှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံ၊ ဗိုင်းရပ်စ်စစ်ဆေးတဲ့ပစ္စည်း (Test Kit) စတဲ့ အရေးပေါ်ဆေးကုသရေးပစ္စည်း တွေကို မြန်မာနိုင်ငံကို လှူဒါန်းပေးခဲ့ ကြောင်း သံအမတ်ကြီး Mr.Chen Hai ပြောကြားခဲ့ပါတယ်။
လက်ရှိ COVID-19 ရောဂါအတွက် အဓိကကျတဲ့ ပစ္စည်းဟာ အသက်ရှူစက်ဖြစ်ပြီး အရေးပေါ် ပစ္စည်းလည်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့တောင်းဆိုချက်အရ တရုတ်သံရုံးအနေနဲ့ အခုလိုလှူဒါန်းခဲ့ရခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံက လှူဒါန်းခဲ့တဲ့ COVID-19 ကာကွယ်ရေး စက်ပစ္စည်းတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်မိကြောင်း Mr.Chen Hai က ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၁၂၇ ယောက် ရှိနေပြီး ၅ ယောက် သေဆုံးခဲ့ရပါတယ်။ ပြန်လည် ကျန်းမာလာသူ ၉ ယောက် ရှိသွားပါပြီ။
Ref: Chinese Embassy in Myanmar
You may also like these stories:
COVID-19 နဲ့ ပတ်သက်ပြီး မစ်ဆူရီပြည်နယ်က တရုတ်ကို တရားစွဲ
မြန်မာနိုင်ငံက ကိုဗစ် ကာကွယ်ရေး ဈေးခင်းပုံကို နိုင်ငံတကာက သဘောကျနေ
COVID-19 ကာလအတွင်း လူသားချင်း ကူညီနေကြတဲ့ ကမ္ဘာတဝှမ်းမှ အလှူရှင်များ