ပြီးခဲ့တဲ့ အပတ်အတွင်းမှာပဲ COVID-19 ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက Lockdown ကာလကို တိုးမြှင့်လိုက်ပါတယ်။ Lockdown ကာလ ထပ်မံတိုးမြှင့်လိုက်ပြီး မကြာခင်မှာဘဲ မွမ်ဘိုင်းမြို့က ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းလုပ်သားတွေဟာ မွမ်ဘိုင်းမြို့ရဲ့ မီးရထားဘူတာမှာ စုဝေး ရောက်ရှိလာခဲ့ကြပါတယ်။
မီးရထား ပြန်လည် ပြေးဆွဲတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ တနေရာတည်း စုဝေး ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရဲ့အိမ်၊ သူတို့ရဲ့ ရွာကို ပြန်နိုင်ဖို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ စီစဉ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ရလဒ်ကတော့ ရဲတွေက သူတို့ကို တုတ်နဲ့ရိုက်ပြီး လူစုခွဲတာပါပဲ။
အဲဒီအချိန်မှာပဲ မြောက်ပိုင်းပြည်နယ် တခုဖြစ်တဲ့ ဂူဂျရတ်က ရာပေါင်းများစွာသော အထည်အလိပ် လုပ်သားတွေကလည်း သူတို့ကို အိမ်ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နောက်ရက်တွေမှာတော့ ဒေါသထွက်နေတဲ့ ဒေလီမြို့က ရာပေါင်းများစွာသော ရွှေ့ပြောင်းလုပ်သားတွေကို ယမုံနာမြစ်ကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ တံတားအောက်မှာ တွေ့ရပါတယ်။
ယမုံနာမြစ်ကမ်းခြေဟာ အမှိုက်တွေအပြည့်ပါပဲ။ ယောကျ်ားအများစုက ညစ်ပတ်ပေရေပြီး သန့်ရှင်းမှု မရှိကြပါဘူး။ သူတို့ အစားမစားရတာ ၃ ရက်ရှိသွားပြီလို့ ပြောပါတယ်။ ဒီအဖြစ်အပျက်က အိန္ဒိယနိုင်ငံရဲ့သန်းပေါင်းများစွာသော ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဆင်းရဲဒုက္ခကို မီးမောင်းထိုးပြနေပါတယ်။
သူတို့တွေဟာ သူတို့ဘဝ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် ကျေးလက်တွေကနေ မြို့ကိုလာရောက်ပြီး အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ကြပါတယ်။ အခုလို Lockdown ကာလထပ်မံ တိုးမြှင့်လိုက်တဲ့အတွက် ဇာတိမြေနဲ့ဝေးရပြီဖြစ်သလို အလုပ်လည်းမရှိ ပိုက်ဆံလည်း မရှိကြတော့ပါဘူး။
အိန္ဒိယနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား သန်း ၄၀ ထက် ပိုပါတယ်။ အခုတော့ တယောက်ချင်းစီရဲ့ ဘဝကပိုမို ခက်ခဲသွားခဲ့ပါပြီ။ ကျေးရွာကနေ ရွှေ့ပြောင်းလာသူ အများစုဟာ တက္ကစီဒရိုင်ဘာ၊ ဥယျာဉ်မှူး၊ ဈေးဝယ်စင်တာ ဆောက်လုပ်ရေး၊ ခုံးကျော်တံတား ဆောက်လုပ်ရေး၊ အိမ်ဆောက်လုပ်ရေး စတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ လမ်းဘေး ဈေးသည်တွေအဖြစ် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။
ဝေဖန်သူ တဦးကတော့ အစိုးရအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အကျပ်အတည်း၊ COVID-19 ကာလအတွင်း ဆင်းရဲတဲ့ နိုင်ငံသားတွေအတွက် ဆေးဝါးကုသမှု မပေးနိုင်ရင် အိန္ဒိယ အစိုးရအနေနဲ့ ရှက်စရာ ကောင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
လမ်းမကြီးတွေပေါ်မှာ အိပ်နေသူတွေ၊ ခုံးကျော်တံတားကြီးတွေရဲ့အောက်မှာ အိပ်နေသူတွေကိုလည်းတွေ့နိုင်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့အကြား မငြိမ်မသက် ဖြစ်နေပါတယ်။ သူတို့တွေဟာ အစိုးရအနေနဲ့ ကန့်သတ်မှုတွေ လျှော့ချပေးမလားလို့ စောင့်မျှော်နေကြပါတယ်။ ကန့်သတ်မှုတွေလျှော့ချပေးမှလည်း သူတို့အနေနဲ့ အိမ်ပြန်နိုင်မှာပဲ ဖြစ်ပါတယ်။
Ref. BBC