ကိုဗစ် ကာလအတွင်းမှာ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့ရဲ့ အားကျစရာ ကောင်းတဲ့ တာဝန်ထမ်းဆောင်မှုဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ သတင်းဌာနတချို့မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတည်းက Lockdown စတင်ပြုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာဆိုရင် အခုအချိန်မှာ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့ရဲ့ အားသွန်ခွန်စိုက် တာဝန် ထမ်းဆောင်မှုတွေကြောင့် တဖြည်းဖြည်းရုပ်လုံး ပေါ်လာခဲ့ပါပြီ။
အိန္ဒိယနိုင်ငံရဲ့ Lockdown ကာလအတွင်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တာကြောင့် နိုင်ငံခြားခရီးသွား ၁၀ ယောက်ကို “ကျနော်တို့ lockdown စည်းကမ်းတွေ ချိုးဖောက်မိပါတယ်၊ တောင်းပန်ပါတယ်” ဆိုတဲ့ စကားစုကို အင်္ဂလိပ်လို အကြိမ် ၅၀၀ ရေးခိုင်းပြီး ရဲတွေဆီ အပ်နှံစေပြီးမှ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီကိစ္စဖြစ်ပွားခဲ့တဲ့ နေရာကတော့ Rishikesh မြို့အနီး ဂင်္ဂါမြစ်ရဲ့ ကမ်းခြေတခုမှာဖြစ်ပြီး ယောဂကျင့်သူတွေနဲ့ ဟစ်ပီတွေ ကျင်လည် ကျက်စားရာ နေရာအဖြစ် နိုင်ငံခြားခရီးသွားတွေကြား ထင်ပေါ်ခဲ့တာဖြစ်ပါတယ်။
Rishikesh ရဲ့ Muni Ki Retic ရဲစခန်းကို ဒီအပြစ်ပေးမှုနဲ့ ပတ်သက်တဲ့ သတင်းကို NPR သတင်းဌာနက ဖုန်းဆက်မေးမြန်းခဲ့တာဖြစ်ပြီး ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပေမယ့် အင်တာဗျူး ဖြေဆိုဖို့တော့ ငြင်းဆိုခဲ့ပါတယ်။
အပြစ်ပေးခံရတဲ့ နိုင်ငံခြားခရီးသွားတွေကတော့ အစ္စရေး ၊ မက္ကဆီကို နဲ့ သြစတြေးလျစတဲ့ နိုင်ငံတွေကလို့ သိရှိရပြီး ကမ်းခြေမှာ လမ်းလျှောက်နေကြစဉ် ရဲဝန်ထမ်းတယောက်က အခုလို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
အရေးကြီးတဲ့ ကိစ္စ မရှိဘဲ အပြင်ထွက်ခြင်းကို အိန္ဒိယနိုင်ငံရဲ့ Lockdown ကာလအတွင်း တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး Israeli medi မှာ မျှဝေထားတဲ့ အပြစ်ပေးနေပုံ ဗီဒီယိုဖိုင်မှာတော့ “ကိုရိုနာ က ဖြစ်နေတုန်းပဲ။ အိန္ဒိယမှာနေရင် အိန္ဒိယရဲ့ စည်းကမ်းဥပဒေတွေကို မင်းတို့လိုက်နာပေးရမှာပေါ့” လို့ ပြောဆိုနေတဲ့ Mask တပ်ထားတဲ့ ရဲဝန်ထမ်းတဦးနဲ့ “တောင်းပန်ပါတယ်” လို့ ပြန်ပြောနေတဲ့ နိုင်ငံခြားခရီးသွားတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
Ref. www.npr.org
You may also like these stories:
အင်ဒိုနီးရှားမှာ စည်းကမ်း မလိုက်နာသူတွေကို သရဲခြောက်တဲ့ အိမ်တွေထဲ ပိတ်ထား
အိန္ဒိယမှာ COVID-19 ထက် ငတ်မွတ်ခြင်းကြောင့် သေဆုံးသူ အရေအတွက် ပိုများလာနိုင်
ပိုက်ဆံ နည်းနည်းနဲ့ အိန္ဒိယမှာ သောင်တင်နေတဲ့ နိုင်ငံခြားသားများ