ဖိလစ်ပိုင် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁,၀၀၀ ကျော်သွားပြီဖြစ်ပြီး ဒီထဲကမှ အများစုဟာ ဆရာဝန်တွေလို့ ဆိုပါတယ်။ ရောဂါနဲ့ သေဆုံးသူကတော့ ၂၆ ဦး ရှိပါပြီ။
ထုတ်ပြန်ချက်အသေးစိတ်အရ ကူးစက်ခံထားရတဲ့ ကျန်းမာရေး ဝန်ထမ်းပေါင်း ၁,၀၆၂ ယောက်ရှိပြီး ဆရာဝန် ၄၂၂ ယောက်၊ သူနာပြု ၃၈၆ ယောက်၊ ဆေးဘက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်ပညာရှင် ၃၀ ယောက်၊ Radiological Technologist ၂၁ ယောက်၊ သူနာပြုအကူ ၅၁ ယောက်၊ စီမံဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်း ၁၅၂ ယောက် ပါဝင်ပါတယ်။ သေဆုံးသွားတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၆ ယောက်ထဲမှာတော့ ဆရာဝန် ၁၉ ယောက် ရှိနေပါပြီ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဖိလစ်ပိုင်အနေနဲ့ ကူးစက်ခံ ကျန်းမာရေးဝန်ထမ်း အရေအတွက် များပြားတာကြောင့် သတိထားရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။
WHO က COVID-19 ဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာ အက်ဘ်ဒီ မဟာမတ်ကတော့ ဖိလစ်ပိုင်ကျန်းမာရေးဌာနက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေးပစ္စည်း ပြတ်လပ်မှုကို အဖြေရှာသင့်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်ကျန်းမာရေးဌာနဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေးပစ္စည်းတွေ ရဖို့ ပြည်တွင်း ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေသလို WHO ထုတ်ပြန်ထားတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၂ ရက်မှာ ကျန်းမာရေးဌာန အတွင်းရေးမှူး ဖရန်စ္စကိုက ဖိလစ်ပိုင် အထွေထွေရောဂါကုဆေးရုံကြီးအတွက် PPE ဝတ်စုံ ၁ သောင်းကျော် ပေးအပ်ခဲ့ပြီး ဒါဟာ ရောဂါကာကွယ်ရေးပစ္စည်း ၃ သိန်းကျော်ပေးမယ့်ထဲက ပထမအသုတ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာနကတော့ ဆေးရုံတွေထဲမှာ သီးသန့်ဆောင်တွေ ထားရှိပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အမျိုးသားစိတ်ကျန်းမာရေးစင်တာက ဝန်ထမ်းတွေနဲ့ လူနာတွေမှာ ရောဂါကူးစက်ခံရတယ်လို့ ကြေညာခဲ့သလို ဆေးသုတေသန ဌာနမှာလည်း ရောဂါ ကူးစက်ခံရသူတွေ ရှိပေမယ့် ဒါဟာ ရောဂါ ရှိ၊ မရှိ စမ်းသပ်ရာကနေ ကူးစက်ခံရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
Ref: CNN Philippines
You may also like these stories:
အိန္ဒိယမှာ Lockdown ကာလ တိုးမြှင့်မှုကြောင့် အငတ်ဘေး ရင်ဆိုင်ရနိုင်
ပြန်သုံးနိုင်တဲ့ အဝတ်စ Mask တွေကို စနစ်တကျ ဘယ်လို သန့်စင်သင့်လဲ
COVID-19 ကာကွယ်ရေးအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တဲ့ Arnold Schwarzenegger