သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တခုမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထုထဲက အမှုန်အမွှားတွေကတဆင့် ကပ်ညှိ သွားပြီး ပုံမှန်ထင်ထားတာထက် နေရာဝေးဝေးပိုရောက်နိုင်တယ်လို့ ဆိုပါတယ်။ မှန်ကန်တိကျတဲ့အဖြေ မထွက်သေးပေမယ့် ဗိုင်းရပ်စ်ဟာ လေထုထဲက အမှုန်အမွှားတွေမှာကပ်ညှိသွားရာက ကူးစက်နိုင်လောက်ထိ ဖြစ်နိုင်လားဆိုတာ ရှာဖွေနေကြပါတယ်။
အီတလီလူမျိုး သိပ္ပံပညာရှင်တွေက လေထုထဲက အမှုန်အမွှားတွေကို ကိုယ်ပိုင်ဓာတ်ခွဲခန်းကိုယူပြီး လေ့လာ ကြည့်ရာမှာ အခုလို ထင်မြင်ချက် ထွက်ပေါ်လာခဲ့တာပါ။ အဆိုပါ လေ့လာချက်ကို ဦးဆောင်ခဲ့သူ အီတလီနိုင်ငံ၊ Bologna တက္ကသိုလ် က လီယိုနာဒို စက်တီက လေထုအမှုန်အမွှားတွေကတဆင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နိုင်ချေ ရှိ၊မရှိ တိကျတဲ့အဖြေထုတ်နိုင်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
“ကျနော်က သိပ္ပံပညာရှင်တယောက်ပါ။ အခုထိသေချာမသိသေးတော့ စိုးရိမ်မိတယ်။ တိတိကျကျသိရပြီဆိုရင် တော့ အဖြေရှာရုံပဲလေ။ မသေချာသေးရင်လည်း ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို စဉ်စားသင့်တယ်” လို့ ဆိုပါ တယ်။
နောက်ထပ် သုတေသီ၂ဖွဲ့ရဲ့ လေ့လာချက်မှာလည်း လေထုထဲက အမှုန်အမွှားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို အခုထက်ပိုပြီး နေရာခပ်ဝေးဝေးထိရောက်အောင် ပို့ဆောင်ပေးနိုင်တယ်ဆိုတာကို လေ့လာဖို့ တိုက်တွန်းထား ပါသေးတယ်။
အီတလီရဲ့ ရောဂါကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့ မြောက်ပိုင်းဒေသတွေဟာ တခြားနေရာတွေထက် လေထုညစ်ညမ်းမှု ပိုများတယ်ဆိုတဲ့ အချက်ကြောင့်လည်း လေ့လာချက်မှာ လေထုထဲ အမှုန်အမွှားများတာဟာ ကူးစက်နိုင်ချေပိုများစေ သလားဆိုတဲ့အချက်ကို စက်တီနဲ့အဖွဲ့က အကြံပြုခဲ့တာပါ။
စက်တီနဲ့အဖွဲ့ဟာ ကိုယ်ပိုင်သီးခြားလေ့လာထားတာဖြစ်လို့ အတည်ပြုချက်မပေးနိုင်သေးပေမယ့် ကျွမ်းကျင်သူ အများစုကတော့ သူတို့အဆိုပြုချက်ကို လက်ခံကြပြီး လိုအပ်တဲ့လေ့လာမှုတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
အရင်လေ့လာချက်တွေအရ လေထုထဲက အမှုန်အမွှားတွေဟာ တုပ်ကွေးရောဂါ၊ ဝက်သက်ရောဂါနဲ့ ကလေးငယ်လေး တွေ ဖြစ်လေ့ရှိတဲ့ ရောဂါပိုးတွေ သယ်ဆောင်လာရာကတဆင့် ကူးစက်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ကြပြီး ပါပြီ။
အဆိုပါလေ့လာချက်ကနေ အရေးကြီးဆုံးအချက်ကတော့ လေထုညစ်ညမ်းရာက ဖြစ်ပေါ်လာတဲ့ အမှုန်အမွှား တွေမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကပ်ညှိနိုင်လဲဆိုတာ စဉ်းစားရမှာပါ။ နှာစေး၊ ချောင်းဆိုးရာက ကူးစက်တဲ့ အရွယ်အစားကြီးတဲ့ Droplet ဗိုင်းရပ်စ်အမျိုးအစားတွေကတော့ ၁မီတာ၊ ၂မီတာ အကွာအဝေးလောက်ပဲ ရှိနေနိုင်ပါတယ်။ ဒီ့ထက် ပိုပေါ့တဲ့ ဗိုင်းရပ်စ်တွေမှသာ လေထဲကတဆင့် မိနစ်ပိုင်းကနေ နာရီပိုင်းလောက်ထိ ပျံ့နှံ့နိုင်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါပိုးဟာ လေထဲကတဆင့် ပျံ့နှံ့ကူးစက် နိုင်တယ်ဆိုတာ သိထားပေမယ့်လည်း အခု ကိုရိုနာဗိုင်းရပ်စ်ကိုတော့ နာရီအတော်ကြာ လေထဲမှာ ရှိနေနိုင် တယ်ဆိုတာကို မသေချာသေးပါဘူး။
လေ့လာသူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲကတဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်ဆိုတဲ့အချက်က အရေး ကြီးတယ်ဆိုပေမယ့် လက်ရှိမှာ ခိုင်မာတဲ့ သက်သေမပြနိုင်သေးပါဘူးလို့ ဆိုပါတယ်။
Ref: The Guardian
You may also like these stories:
COVID-19 ထိန်းချုပ်ဖို့ မျှော်လင့်ချက်ဖြစ်လာတဲ့ တရုတ်တိုင်းရင်းဆေးလုပ်ငန်းများ
အိမ်မှာ အလုပ်လုပ်သူတွေကို မီတာခ ၃ လစာ လျှော့ပေးမယ့် ထိုင်းနိုင်ငံ
ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို ထိုင်းမှာ အလှူအတန်း လုပ်