ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ Bronx တိရစ္ဆာန်ရုံက ခြင်္သေ့ ၈ ကောင် နဲ့ ကျား ၈ ကောင် COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။
တိရစ္ဆာန်ရုံမှာရှိတဲ့ ခြင်္သေ့နဲ့ ကျား တွေမှာ COVID-19 ကူးစက်ခံ ထားရကြောင်း သိရှိပြီး မကြာခင်မှာပဲ အိမ်မွေး ကြောင် ၂ ကောင်မှာလည်း COVID-19 တွေ့ရှိခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။
ကူးစက်ခံရတဲ့ကြောင် ၂ ကောင်အနက် ၁ ကောင်ကတော့ အိမ်ရှင်ဆီက ကူးစက်ခံခဲ့ရတာဖြစ်ပြီး နောက်တကောင်ကတော့ COVID-19 ကူးစက်ခံထားရခြင်း မရှိတဲ့ အိမ်မှာ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီကြောင် ကူးစက်ခံမှုကိုတော့ ရောဂါလက္ခဏာ မပြသေးတဲ့ အိမ်သားတယောက်ယောက် ဒါမှမဟုတ် COVID-19 ကူးစက်ခံထားရတဲ့ လူတယောက်ယောက် အိမ်ရှေ့က ဖြတ်သွားတာကနေ ကူးစက်ခံခဲ့ရတာဖြစ်မယ်လို့ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) က ခန့်မှန်းထားပါတယ်။
ကြောင် ၂ ကောင်စလုံးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာကြောင့်ဖြစ်တဲ့ သာမန် ဖျားနာမှုမျိုးကိုသာ ခံစားနေရတဲ့အတွက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။
အိမ်မွေးတိရစ္ဆာန်တွေ အပါအဝင် တခြားတိရစ္ဆာန်တွေ COVID-19 ဘယ်လို ကူးစက်ခံနေရသလဲဆိုတာ တိကျတဲ့သက်သေ အထောက်အထား မရှိသေးပါဘူး။ သေချာတဲ့အချက် တခုကတော့ ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေဟာ လူတွေနဲ့ အနီးကပ် ဆက်သွယ်မှု ရှိခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။
အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ နိုင်ငံတဝှမ်း COVID-19 ကူးစက်ခံနေရတဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်ကနေ တင်ပြသွားမယ်လို့ သိရပါတယ်။ ရောဂါ ထိန်းချုပ်ရေးစင်တာကလည်း လူတွေအနေနဲ့ အိမ်အပြင်ထွက်တဲ့အခါ အိမ်မွေးတိရစ္ဆာန်တွေကို ယူဆောင်ခွင့် မပြုတော့ဘူးလို့ ဆိုပါတယ်။
တကယ်လို့ အိမ်အပြင်မှာ ကိုယ့်ခွေးနဲ့ လမ်းအတူ လျှောက်ချင်တယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ အကွာအဝေး အတိုင်းသာ လျှောက်ရမှာဖြစ်ပြီး အနည်းဆုံး ၆ ပေ ခွာလျှောက်ရမယ်လို့ ကြေညာထားပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရောဂါကူးစက်ခံထားရသူတွေဟာ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အနီးမှာ မနေသင့်ပါဘူး။
ရောဂါထိန်းချုပ်ရေးစင်တာကလည်း ကြောင်တွေကို အိမ်ထဲမှာသာ ထားပြီး ခွေးတွေကို ပန်းခြံထဲမှာ ထားရမယ်လို့ အကြံပြုထားသလို လမ်းမပေါ်မှာသွားနေတာကို မဖြစ်အောင် ဂရုစိုက်ကြရမယ်လို့ ဆို ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း နယူးယောက် Bronx တိရစ္ဆာန်ဥယျာဉ်မှာ ကျား ၈ ကောင် နဲ့ ခြင်္သေ့ ၈ ကောင် ရောဂါကူးစက်ခံခဲ့ရပါတယ်။
Bronx တိရစ္ဆာန်ရုံရဲ့ ဖော်ပြချက်မှာတော့ ရောဂါ ကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေရဲ့ အပြုအမူတွေက ပုံမှန်ဖြစ်သလို အစားအသောက်ကိုလည်း ကောင်းကောင်းမွန်မွန် စားသောက်နေကြပြီး ချောင်းဆိုးတဲ့လက္ခဏာတွေလည်း သိသိသာသာ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
Ref: travelandleisure
You may also like these stories:
COVID-19 နဲ့ ပတ်သက်ပြီး မစ်ဆူရီပြည်နယ်က တရုတ်ကို တရားစွဲ
မြန်မာနိုင်ငံက ကိုဗစ် ကာကွယ်ရေး ဈေးခင်းပုံကို နိုင်ငံတကာက သဘောကျနေ
COVID-19 ကာလအတွင်း လူသားချင်း ကူညီနေကြတဲ့ ကမ္ဘာတဝှမ်းမှ အလှူရှင်များ