လက်ရှိ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ COVID-19 စတင်ပြန့်ပွားရာ ဝူဟန်မြို့မှာ ဆေးရုံတက်နေရတဲ့ လူနာအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ထုတ်ပြန်ပါတယ်။
COVID-19 ရောဂါ ဖြစ်ပွားစေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့က သားစိမ်းငါးစိမ်း ရောင်းချတဲ့ ဈေးတခုကနေ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာ ပထမဆုံး ဖြစ်ပွားခဲ့ကာ ကမ္ဘာတဝှမ်းကို လျှင်မြန်စွာ ကူးစက် ပျံ့နှံ့သွားခဲ့ပါတယ်။ ဧပြီ ၂၇ ရက် မနက်အစောပိုင်းအထိ ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ သန်းနီးပါး ရှိနေပါပြီ။
“ဧပြီ ၂၆ ရက်နေ့အထိ နောက်ဆုံးသတင်းအရ ဝူဟန်မှာ COVID-19 လူနာ မရှိတော့ပါဘူး။ ဝူဟန်မြို့နဲ့ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပူးပေါင်းအားထုတ်မှုကို ကျေးဇူးတင်ရမှာပါ” လို့ အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Mi Feng က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။
ဝူဟန်မြို့မှာ COVID-19 ကူးစက်ခံရသူ ၄၆,၄၅၂ ဦးအထိ ရှိခဲ့ပြီး တရုတ်တနိုင်ငံလုံး ကူးစက်မှုအားလုံးရဲ့ ၅၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဝူဟန်မြို့ဟာ တရုတ်မှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နေရာလည်းဖြစ်ခဲ့ပြီး သေဆုံးသူ ၃၈၆၉ ဦး အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဝူဟန်မြို့တည်ရှိတဲ့ ဟူဘေးပြည်နယ် တခုလုံးကို ဇန်နဝါရီကုန်ပိုင်းမှာ Lcokdown လုပ်ခဲ့ပြီး ကားလမ်းများ ပိတ်ထားခြင်း၊ ရထားနဲ့ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းထားခြင်း၊ ဒေသခံများကို သွားလာလှုပ်ရှားမှု ပိတ်ပတ်ကန့်သတ်ထားခြင်း စတဲ့ အစီအမံများ ၂ လကျော်ကြာ ဆောင်ရွက်ခဲ့ပါတယ်။
ဝူဟန်မြို့မှာ Lockdown လုပ်ထားမှု ရုပ်သိမ်းပြီး ပိတ်ပင် ကန့်သတ်ချက်များ ပယ်ဖျက်ပေးခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြို့ခံတွေကို ပုံမှန်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေကို အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်တဲ့ Heilongjiang မှာ အဓိက တွေ့လာရတယ်လို့ သိရပါတယ်။
Ref. globalnews.ca
You may also like these stories:
နယူးယောက်မှာ အိမ်မွေးကြောင် ၂ ကောင် COVID-19 ကူးစက်ခံခဲ့ရ
COVID-19 ထိန်းချုပ်ဖို့ မျှော်လင့်ချက်ဖြစ်လာတဲ့ တရုတ်တိုင်းရင်းဆေးလုပ်ငန်းများ
ဖိလစ်ပိုင်မှာ ကျန်းမာရေး ဝန်ထမ်း ၁ ထောင်ကျော် COVID-19 ရောဂါ ကူးစက်ခံရ