အီတလီနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ရသလို ဥရောပ နိုင်ငံတွေထဲမှာဆိုရင်လည်း ကပ်ရောဂါကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အီတလီဝန်ကြီးချုပ် Giuseppe Conte က အီတလီနိုင်ငံမှာရှိတဲ့ စာသင်ကျောင်းတွေကို စက်တင်ဘာလအထိ ပိတ်ထားမယ်လို့ တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။
စာသင်ကျောင်းတွေကို စက်တင်ဘာလအထိ ပိတ်ထားမှာဖြစ်ပေမယ့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ မေလ ၄ ရက်နေ့ကစပြီ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
COVID-19 ကြောင့် အီတလီနိုင်ငံမှာ လူပေါင်း ၂၆,၆၄၄ ယောက် သေဆုံးခဲ့ပြီး ဥရောပ နိုင်ငံတွေထဲမှာ COVID-19 ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ သတင်းစာတစောင်နဲ့ အင်တာဗျူးမှာတော့ ဝန်ကြီးချုပ်က စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်ဖို့အတွက် အသေးစိတ် အချက်အလက်တွေကို ဖော်ပြပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၃ ရက် ဆက်တိုက် အီတလီနိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှုနှုန်း ကျဆင်းလာခဲ့ပါ တယ်။ မတ်လအစောပိုင်းတုန်းကတော့ အီတလီနိုင်ငံဟာ တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ လုပ်ခဲ့ရပါတယ်။
အခုအချိန်မှာတော့ အီတလီမှာ လူသေဆုံးမှုနှုန်း ကျဆင်းလာပြီဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကို မေလအစောပိုင်းမှာ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပေမယ့် လူစည်ကားတဲ့ ဘားနဲ့ စားသောက်ဆိုင်လို နေရာမျိုးတွေကတော့ ခွင့်ပြုချက်ရဖို့ အချိန်နည်းနည်းကြာတဲ့အထိ ဆက်ပြီးစောင့်ရဦးမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အီတလီနေ့စဉ်ထုတ် သတင်းစာတစောင်ဖြစ်တဲ့ La Repubblica မှာ ဝန်ကြီးချုပ်က “မေလ ၄ ရက်နေ့ကစပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကနေ ဆောက်လုပ်ရေး လုပ်ငန်းတွေအထိ စီးပွားရေးလုပ်ငန်းတော်တော်များများကို ပြန်လည် ဖွင့်လှစ်နိုင်အောင် ကျနော်တို့ ဒီနာရီပိုင်းတွေမှာ အလုပ်လုပ်နေကြတယ်” လို့ ပြောခဲ့ပါတယ်။
ပို့ကုန် အဓိကထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ထုတ်လုပ်မှု ကွင်းဆက် ပြတ်တောက်ခြင်းနဲ့ စီးပွားရေး ကျဆင်းမှု အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ မိမိ လုပ်ငန်းကို စောစောစီးစီး ပြန်လည် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ပြန်လည် စတင်တဲ့ ဘယ်လုပ်ငန်းမဆို တဖြည်းဖြည်းချင်း စတင်ရတာဖြစ်ပြီး ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်း ပြန်လည် လည်ပတ်တဲ့အခါ တင်းကြပ်တဲ့ ကျန်းမာရေး အစီအမံတွေကိုလည်း ပြုလုပ်ထားရမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
Ref. Dailymail