သြစတြေးလျနိုင်ငံဟာ သွားလာလှုပ်ရှားမှုတွေကို စတင်ဖြေလျော့ပေးနေတာကြောင့် နိုင်ငံအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သူတွေကို လေ့လာစောင့်ကြည့်နိုင်မယ့် Mobile Phone Software တခုကို စတင် အသုံးပြုလိုက်ပါပြီ။
“COVIDSafe” လို့ နာမည်ပေးထားတဲ့ Application ဟာ စမတ်ဖုန်းတွေကတဆင့် ကူးစက်ခံရမှု ရှိ၊ မရှိ ခြေရာခံ ပေးသွားမှာပါ။ တကယ်လို့ လူတယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီဆိုတာနဲ့ အဆိုပါ Application က တဆင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ၁၅ မိနစ်အတွင်း ၁ မီတာခွဲ အတွင်းကို ရောက်လာမှာဖြစ်ပါတယ်။ Application စတင်တဲ့ ဧပြီလ ၂၆ မှာတင် လူပေါင်း ၁ ဒဿမ ၁ သန်းကျော် အသုံးပြုခဲ့ကြပါတယ်။
သြစတြေးလျဝန်ကြီးချုပ် Scott Morrison က Queensland နဲ့ သြစတြေးလျအနောက်ပိုင်းဒေသတွေကို ဧပြီလ ၂၆ ရက်ကစပြီး ချမှတ်ထားတဲ့ Social-distancing စည်းမျဉ်းတွေကို ဖြေလျော့ပေးလိုက်ကြောင်း ကြေညာအပြီး မှာ ရောဂါစမ်းသပ်မှုတွေနဲ့ အသွားအလာ လှုပ်ရှားမှတွေ ခြေရာခံနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာလို့ ဆိုပါတယ်။
အစိုးရဘက်က ခြေရာခံ Application သုံးသူတွေက ကိုယ်ပိုင်လွတ်လပ်ခွင့် ထိခိုက်လာနိုင်တယ်ဆိုတဲ့ အချက် ကို စိုးရိမ်နေပေမယ့် ခုချိန်ထိ လူဦးရေ ၄၀ ရာခိုင်နှုန်း ၂၆ သန်းကျော်လောက်က ထည့်သွင်းအသုံးပြုနေတာကြောင့် အောင်မြင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
“ပြည်သူတွေဘက်က ကျန်းမာရေးအတွက် လိုအပ်တဲ့ ဒီ Application ကို သုံးကြလေ သူတို့ကိုယ်တိုင်နဲ့ မိသားစုအတွက်လည်း ပိုစိတ်ချရလေပါ။ ကိုယ့်အနီးအနားက လူအဖွဲ့အစည်းတခုလုံး စိတ်ချရပြီဆိုရင် ကျနော်တို့လည်း ကန့်သတ်ချက်တွေကို မကြာခင် ဖြေလျော့ပေးနိုင်မယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အဆိုပါ Application ပုံစံတူတွေကို စင်ကာပူနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ သြစတြေးလျနိုင်ငံမှာ ကောက်ခံခဲ့တဲ့ စာရင်းတွေအရ လူ ၁၀၀၀ မှာ ၄၅ ရာခိုင်နှုန်းလောက်က ခြေရာခံ Application ကို အသုံးပြုဖို့ သဘောတူကြပေမယ့် ၂၈ ရာခိုင်နှုန်းကတော့ ငြင်းဆန်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံဟာ မတ်လ ၃၀ ရက်နေ့ကစတင်ကာ လူ ၂ ယောက်နဲ့အထက် စုဝေးတာကို ကန့်သတ်ခဲ့ပေမယ့် လက်ရှိမှာ ကူးစက်မှုတွေ ကျဆင်းလာတာကြောင့် ဧပြီ ၂၇ ရက်ကစပြီး ၁၀ ယောက်ထိ စုဝေးနိုင်ခွင့်ကို ဖြေလျော့ပေးခဲ့ပါတယ်။
ဧပြီလ ၂၇ ရက် မနက် ၆ နာရီထိ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၆,၇၁၃ ယောက်ထိ ရှိခဲ့ပေမယ့် အစိုးရဘက်က လူစုလူဝေးဖြစ်စေမယ့် နေရာတွေကို ကန့်သတ်လိုက်ပြီး အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းချက်တွေကြောင့် ဧပြီ ၂၇ ရက်၊ ၂၄ နာရီအတွင်း ထပ်တိုး ၁၀ ယောက် လောက်ပဲရှိကာ ကူး စက်မှုနှုန်းကျဆင်းလာတယ်လို့ ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
မေလ ၄ ရက်နေ့ကစပြီး အီတလီက စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်မည်
ဝူဟန်မြို့မှာ လူနာအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်အစိုးရ ပြော
ကင်ဂျုံအန် ကျန်းမာစွာရှိတယ်လို့ တောင်ကိုးရီးယား ပြော