ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထပ်မံလျော့နည်းစေဖို့ စီစဉ်နေတဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ ထုတ်ပြန်ချက်များကို လိုက်နာပေးကြဖို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ထိုင်းနိုင်ငံသားများကို ထိုင်းဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ်ချန်အိုချာက မေတ္တာရပ်ခံလိုက်ပါတယ်။
“နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ စီးပွားရေး လည်ပတ်မှုတွေ နှောင့်နှေးနေတာကို ကျနော် သိပါတယ်။ ခင်ဗျားတို့တွေရဲ့ ဝင်ငွေတဖြည်းဖြည်း နည်းလာတာကိုလည်း သိပါတယ်။ အဲဒီအတွက် နိုင်ငံတော်က သင့်တော်တဲ့ စီမံကိန်းတွေနဲ့ စီစဉ်ပေးမှာ ဖြစ်ပြီး ချေးငွေကိစ္စတွေကိုလည်း စီစဉ်ပေးသွားမှာပါ”
“စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ခဏလေး သည်းခံစေချင်ပါတယ်။ ခင်ဗျားတို့ရဲ့ ဆုံးရှုံးရမှုကို ကျနော် ကိုယ်ချင်းစာပါတယ်”လို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက အင်္ဂါနေ့က ပြုလုပ်တဲ့ အစည်းအဝေး ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟာ ကိုဗစ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ထိခိုက်ခဲ့သူများကို နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူသွားမယ်လို့ အာမခံသွားခဲ့ပါတယ်။
“ထိန်းချုပ်မှုတွေကို ဖြေလျော့လို့ရပြီဆိုတာနဲ့ အစိုးရဘက်က ချက်ချင်း ထုတ်ပြန်မှာပါ။ စိတ်မလောကြပါနဲ့။ လက်ရှိမှာ ရောဂါအခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်နေသေးလို့ပါ”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ယခင် ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအရ ထိန်းချုပ်မှုတွေဟာ ဧပြီလ ၃၀ ရက်မှာ ပြီးဆုံးမှာဖြစ်ပေမယ့် စိတ်မချရသေးတဲ့ ရောဂါ အခြေအနေများကြောင့် ထိန်းချုပ်မှုများကို မတ်လကုန်ထိ ဆက်လက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Ref. Bangkok Post