၁၉၅၇ ခုနှစ်ကစလို့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း လူသတ်မှု တစုံတခုမှ မတွေ့ကြုံရအောင် ထိန်းသိမ်းထားနိုင်တဲ့ မီယာမီမြို့ရဲ့ ငြိမ်းချမ်းမှုဟာ အခုအချိန်မှာဆိုရင် ၇ ပတ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ Lockdown ဥပဒေ ထုတ်ပြန်လိုက်ခြင်းဟာ အခုလို ကောင်းမွန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာကြောင်း လွန်ခဲ့တဲ့ သောကြာနေ့က မြို့တွင်းသတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မီယာမီမြို့ရဲ့ ထင်ရှားတဲ့ ရာဇဝတ်မှုတခုဖြစ်တဲ့ လူသတ်မှုတွေ ပပျောက်နေတာဟာ ဖေဖေါ်ဝါရီ ၁၇ ရက်နဲ့ ဧပြီ ၁၂ ရက်အထိ စုစုပေါင်း ၇ ပတ်နဲ့ ၆ ရက်ကြာမြင့်ခဲ့ပြီလို့ CBS သတင်းဌာနက ဖော်ပြခဲ့တာပါ။
မီယာမီ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ “မြို့တွင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန် ကျေပွန်မှုနဲ့အတူ ကပ်ရောဂါ ပြန့်ပွားလာမှုကြောင့် လူတော်တော်များများ အိမ်တွင်းမှာ နေထိုင်နေကြရင်း ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာကြလို့ပါပဲ”လို့ CBS သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။
၁၉၅၇ ခုနှစ်မှာတော့ လူသတ်မှုနဲ့ ပတ်သက်တဲ့ အမှုအခင်းတွေ မကြုံတွေ့ခဲ့ရတာ ၉ ပတ်နဲ့ ၃ ရက် ကြာမြင့်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှာတော့ ၆ ပတ်နဲ့ ၅ ရက် ကြာမြင့်ခဲ့တယ်လို့ ရဲဌာနမှတ်တမ်းတွေကို ကိုးကားဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်းကို လျှော့ချဖို့အတွက် မီယာမီမြို့တော်ဝန် Francis Suarez က Lockdown ပြုလုပ်ခြင်းကို မတ်လ ၁၂ ရက်နေ့မှာ အရေးပေါ်ကြေညာခဲ့တာဖြစ်ပြီး အိမ်တွင်းမှာသာ နေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေဟာ မီယာမီမြို့မှာတင် မဟုတ်ဘဲ တခြားမြို့တော်တော်များများပါ လျော့ကျသွားခဲ့ပြီး ဘယ်တီမိုးမြို့မှာ ရာဇဝတ်မှုဟာ ၃၄ ရာခိုင်နှုန်း၊ လော့စ်အိန်ဂျလိစ်မြို့မှာ ၂၁ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တာပါ။
မီယာမီမြို့ရဲ့ ရာဇဝတ်မှု မှတ်တမ်းတွေကတော့ မတ်လ ၁၆ ရက်နဲ့ ၂၂ရက်ကြားမှာ ၁၇ ရာခိုင်နှုန်းအထိ လျော့ကျသွားတာဖြစ်ကြောင်း CBS သတင်းဌာနကပဲ ဆက်လက် ဖော်ပြခဲ့ပါတယ်။
Ref. mysticalraven.com