အမေရိကန် ဒုတိယသမ္မတ Mike Pence ကို ဧပြီလ ၃၀ ရက်က အင်ဒီယန်းနားပြည်နယ် General Motor စက်ရုံသွားရောက်ခဲ့ချိန်မှာတော့ နှာခေါင်းစည်း Mask တပ်ထားတာကို တွေ့ခဲ့ရပါတယ်။ အရင်က နိုင်ငံအနှံ့ တခြားနေရာတွေ သွားရောက်ခဲ့စဉ်က Mask မတပ်ခဲ့တာကြောင့် သူ့အပေါ် ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။
မစ္စတာ Pence ဟာ မင်နီဆိုးတားပြည်နယ်၊ Mayo Clinic ကို သွားရောက်ခဲ့စဉ်က ဧည့်သည်တိုင်း Mask တပ်ဖို့ သတ်မှတ်ထားပေမယ့် မတပ်ဆင်ခဲ့ပါဘူး။ ဒါဟာ Mask တပ်ဖို့ ငြင်းဆန်ခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သူဟာ နိုင်ငံအနှံ့က ဆေးရုံတွေ၊ စက်ရုံတွေနဲ့ ဘွဲ့အခမ်းအနားတွေကို တက်ရောက်ခဲ့တုန်းကလည်း Mask မတပ်ခဲ့ပါဘူး။
ဒုသမ္မတ Pence က သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိအမြဲ စမ်းသပ်နေသူမို့ Mask တပ်ဖို့ မလိုအပ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ Mayo Clinic သွားခဲ့စဉ်က မတပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်ပြောဆိုသွားတာမျိုးတော့ မရှိပါဘူး။
Mayo Clinic ဘက်ကတော့ သူသွားခဲ့ပြီး နောက်တနေ့ပဲ တွစ်တာမှာ ဒုသမ္မတကို မလာခင်တည်းက Mask တပ်ရမယ့် စည်းကမ်းကို ကြိုတင်အကြောင်းကြားထားတယ်လို့ ရေးသားခဲ့ပေမယ့် ဘာမှဖြေရှင်းချက် မရှိဘဲ ပို့စ် ကို ပြန်ဖျက်သွားခဲ့ပါတယ်။
မစ္စတာ Pence လူရှေ့ပြန်လည် ထွက်လာချိန်ကစလို့ Mask တပ်ဖို့ ပြည်သူတွေက တွန်းအားပေးပြောဆိုလာခဲ့တာပါ။ တာဝန်ရှိသူတွေကတော့ မစ္စတာ Pence ဟာ General Motor စက်ရုံရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး Mask တပ်ခဲ့တာလို့ ဆိုပါတယ်။
ဇနီးသည်ဖြစ်သူ Karen Pence နဲ့ Fox News သတင်းဌာနတို့ အင်တာဗျူးမှာလည်း ခင်ပွန်းသည် မစ္စတာ Pence ဟာ Mask တပ်ရမယ့် သတ်မှတ်ချက်ကို သတိမမူဘူးလို့ ပြောခဲ့ပါတယ်။
အစိုးရ တာဝန်ရှိသူတွေဘက်ကလည်း ဒုသမ္မတ Pence ဟာ Mayo Clinic ဘက်က Mask တပ်ရမယ့် စည်းကမ်းကို အကြောင်းကြားခံရတာ မျိုးမရှိသလို တခြားအခမ်းအနားတွေကိုလည်း မတပ်ဘဲ တက်ရောက်ခဲ့တယ်ဆိုပေမယ့် Mayo Clinic ဘက်က တာဝန်ရှိသူတွေကတော့ ဒုသမ္မတ ရုံးခန်းကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
Mayo Clinic မှာ တက်ရောက်ကုသခဲ့တဲ့ လူနာတဦးကတော့ ဒုသမ္မတ အခုလို Mask မတပ်ဘဲ လာခဲ့တာဟာ စိတ်တိုစရာ ဖြစ်ရပ်လို့ မှတ်ချက်ပြုပါတယ်။ ဒုသမ္မတတင် မဟုတ်ပါဘူး။ သမ္မတ ထရမ့်ကလည်း သူ့ကိုယ်ပိုင်ဆန္ဒ အရ Mask မတပ်ချင်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒါ့ပြင် နောက်တပတ်မှာ သမ္မတ ထရမ့်ဟာ အရီဇိုးနားပြည်နယ် Honeywell စက်ရုံကို သွားရောက်မှာဖြစ်ပြီး အကြပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ အိုင်ဟိုင်းအိုးပြည်နယ်ထိပါ သွားရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ မစ္စတာ Pence ဟာ သူ့မွေးရပ်မြေက General Motor စက်ရုံမှာ အသက်ရှူစက် ထုတ်လုပ်မယ့်လုပ်ငန်းကို သွားရောက်ကြည့်ရှူခဲ့တာ ဖြစ်ပါတယ်။
Ref: The New York Times