Trend

ဆေးပညာ အဆင့်အတန်း မြင့်မားလာတဲ့ ထိုင်ဝမ်နိုင်ငံ

၂၀၁၉ ခုနှစ်တုန်းက ထိုင်ဝမ်နိုင်ငံ၊ အထွေထွေရောဂါဆေးရုံက ခွဲစိတ်အထူးကု ဆရာဝန်အဖွဲ့ဟာ ဗီယက်နမ်နိုင်ငံ၊ ကလေးအထူးကုဆေးရုံမှာ အသည်းဝေဒနာ ခံစားနေရတဲ့ ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး အသည်းအစားထိုး ပေးနိုင်ခဲ့ပါတယ်။

အသည်းအစားထိုး ကုသတဲ့ သမိုင်းမှာတော့ ထိုင်ဝမ်ဟာ အသက်အငယ်ဆုံး ကလေးကို အောင်မြင်စွာ အသည်းအစားထိုးကုသပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အကောင်းဆုံး လေ့ကျင့်ပြီး နိုင်ငံအတွက် အကူအညီ ပေးနေသလို ထိုင်ဝမ်နိုင်ငံက ထုတ်လုပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ နည်းပညာတွေကလည်း အဆင့်အတန်း မြင့်မားလာခဲ့ပါတယ်။

မကြာသေးခင်က ထိုင်းအစိုးရဟာ အဆင့်အတန်းမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်မှာ ထိုင်ဝမ်နိုင်ငံက ထုတ်လုပ်တဲ့ ရောဂါရှာဖွေရေးဆိုင်ရာ အခန်းတခန်း ပါရှိတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင် အမေရိကန်သမ္မတရဲ့ Air Force One လေယာဉ်မှာတပ်ဆင်အသုံးပြုနေပြီး ထိုင်ဝမ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှဈေးကွက်မှာလည်း ဖြန့်ဖြူးရောင်းချနေပါပြီ။

ထိုင်ဝမ်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ အဆင့်အတန်းဟာ နိုင်ငံတကာ အသိအမှတ် ပြုလောက်အောင် အဆင့်အတန်း မြင့်လာပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ ထိုင်ဝမ် ကျန်းမာရေးစင်တာတွေဟာ တခြားနိုင်ငံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ အထောက်အကူပေးနိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်လာကြပါတယ်။

သူတို့ရဲ့ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသုံးချပြီး မိတ်ဆွေနိုင်ငံတွေကို အကျိုးအမြတ် ရှိလာအောင် ထောက်ပံ့ပေးနေသလို သူတို့နိုင်ငံထုတ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို မိတ်ဆွေနိုင်ငံတွေဆီ ရောင်းချနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒါကြောင့်လည်း ထိုင်ဝမ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေး အဆင့်အတန်းဟာ ထိပ်တန်းနေရာကို ရောက်ရှိလာခဲ့ပြီး အာရှနိုင်ငံတွေဟာ ထိုင်ဝမ်က ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို အသုံးပြုမှု များပြားလာခဲ့ပါတယ်။ အာရှနိုင်ငံတွေက ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေဟာ သူတို့ရဲ့လူနာကို ကုသနိုင်ဖို့ ထိုင်ဝမ်နိုင်ငံကို သွားရောက် ကုသဖို့ စေလွှတ်တာမျိုးတွေ ရှိလာပါတယ်။

လူနာ ၃၀၀ နီးပါး ဆံ့တဲ့ Changhua ခရိုင်က Yuanlin ခရစ်ယာန် ဆေးရုံဆိုရင်လည်း ရထားနဲ့သွားရောက်ရတဲ့ အခက်အခဲတွေ ရှိပေမယ့် ထိုင်ဝမ်နိုင်ငံရဲ့ ထိပ်တန်းဆေးရုံအဖြစ် အသိအမှတ်ပြု ခံရသလို ဆေးရုံမှာ သုံးထားတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကလည်း အဆင့်အတန်း မြင့်မားလို့ ကျော်ကြားတဲ့ ဆေးရုံပါ။

ဒီဆေးရုံကို ရောက်လာတဲ့ လူနာတွေဟာ သူနာပြုတွေရဲ့အကူအညီ မလိုဘဲ သွေးပေါင်နဲ့ နှလုံးခုန်နှုန်း ကို တိုင်းတာပေးနိုင်တဲ့ အလိုအလျောက်စနစ် အသုံးပြုပေးထားပါတယ်။

သူနာပြုဆရာမတွေဟာ Tablet နဲ့ လူနာရဲ့ ကုသမှုမှတ်တမ်းကို မှတ်တမ်းတင်ပြီး လူနာနဲ့ လူနာရဲ့မိသားစုဝင်တွေဟာ အစားအသောက် မှာယူတာပဲဖြစ်ဖြစ်၊ သူနာပြု အကူအညီ လိုအပ်တာပဲဖြစ်ဖြစ် သွားရောက် တောင်းဆိုနေ စရာမလိုဘဲ အိပ်ရာဘေးမှာရှိတဲ့ Touchscreens ကနေ အလွယ်တကူတောင်းဆိုနိုင်ပါတယ်။

ဒီလို ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာတဲ့အတွက်ကြောင့်လည်း ထိုင်ဝမ်နိုင်ငံကို လာရောက် ဆေးကုသသူ အရေအတွက်က တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

တချိန်ချိန်ကြရင်တော့ ထိုင်ဝမ်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှဒေသကို အပန်းဖြေခရီး ထွက်ကြတဲ့အခါ သူတို့တွေဟာ ထိုင်ဝမ်နိုင်ငံသားတွေဖြစ်ကြောင်း ဒေသခံတွေကို ပြောပြကြပါလိမ့်မယ်။ အရှေ့တောင်အာရှသားတွေကလည်း ထိုင်ဝမ်နိုင်ငံသားတွေကို မြင်တဲ့အခါ ထိုင်ဝမ်နိုင်ငံရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကိုပါ တွဲမြင်ကြပါလိမ့်မယ်။

Ref: Taiwan-panorama

Loading