Marta Gravellone ဆိုသူ အမျိုးသမီးဟာ အီတလီမြောက်ပိုင်းမှာ တည်ရှိတဲ့ သူ့ရဲ့ မွေးရပ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် နေအိမ်မှာ သီးခြားနေထိုင်နေတဲ့ ရောဂါသည်တွေကို အိမ်တိုင်ရာရောက် ကူညီပေးနေတဲ့ ဆရာဝန်တယောက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သူကိုယ်တိုင် ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပီး အကောင်းဆုံး ကျော်ဖြတ်ခဲ့သူပါ။
ကင်ဆာရောဂါကို ဖြတ်ကျော်ရင်း သင်ယူခဲ့ရတဲ့ ဘဝသင်ခန်းစာတွေကို မမေ့လျော့ဘဲ တယောက်တည်း အင်တိုက်အားတိုက် လိုက်လံ ကူညီပေးနေတာပါ။ “အခုလိုအချိန်မှာ တယောက်တည်း နေနေရတဲ့ ခံစားချက်ကိုရော၊ ခံစားနေရတဲ့ ရောဂါရဲ့ဆိုးကျိုးတွေကိုပါ ကျမ ကောင်းကောင်းကြီး နားလည်ပါတယ်”လို့ အသက်၂၉ နှစ်အရွယ် Marta က Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
“ဒါကြောင့်ပဲ ကျမအနေနဲ့ သူတို့ကို ဆေးကုသမှု ပေးနေရုံတင် မဟုတ်ဘဲ အထီးကျန်နေတယ်ဆိုတဲ့ စိတ်ကို နည်းနိုင်သမျှနို င်အောင် လုပ်ပေးဖို့ ကြိုးစားနေရတာပါ” လို့ ဖြည့်စွက် ပြောဆိုခဲ့ပါသေးတယ်။
Marta နဲ့အတူ ကုသမှုပေးနေတဲ့ နောက်ထပ် ဆရာဝန်တယောက်ကတော့ Maeva Christophe ဖြစ်ပြီး တအိမ်နဲ့ တအိမ် အကူးအပြောင်းမှာ ကာကွယ်ရေးဝတ်စုံ၊ Mask နဲ့ လက်အိတ်တွေ ဝတ်ဆင်ပေးဖို့ လိုက်ပါ ကူညီပေးနေတာ ဖြစ်ပါတယ်။
ကင်ဆာရောဂါ ခံစားခဲ့ရချိန်တွေမှာ အသက်ရှင်သန် နေထိုင်နိုင်ဖို့ ဘယ်လို ရုန်းကန်မှုတွေ ပြုလုပ်ရမလဲဆိုတဲ့ ရှုထောင့်ကို Marta အနေနဲ့ သိရှိခဲ့ရပြီး ဖြစ်တဲ့အပြင် သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ ဆေးကုသရေး ကိစ္စတွေမှာပါ အဲဒီ အသိတွေဟာ အထောက်အကူပြုနေဆဲလို့ သူက ဆိုပါတယ်။
Marta လှည့်လည်သွားလာပြီး ဆေးကုပေးနေတဲ့ Maggiore ရေကန်ကြီးတည်ရှိရာ Novara စီရင်စုမှာဆိုရင် မှတ်တမ်းတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀၀ ကျော်ခန့် ရှိပြီး သေဆုံးသူဦးရေ ၂၃၀ ရှိပြီဖြစ်ပေမယ့် Marta နဲ့ တွဲဖက်ဆရာဝန် Maeva Christophe တို့ကတော့ အိမ်တိုင်ရာရောက် ဆေးကုသမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
Ref. thinkinghumanity.com