စိတ်ဖိစီးမှုများခြင်းဟာ သာမန် ကြုံတွေ့နေကျ ကိစ္စရပ်တွေမှာတောင် ကြောက်ရွံ့ထိတ်လန့်ခြင်း ၊ စိုးရိမ်ခြင်းနဲ့ အထိတ်တလန့်ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုများခြင်းဟာ အသက်အရွယ်မရွေး ကြုံတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခုဖြစ်ပြီး ကမ္ဘာတဝှမ်းက စိတ်ပညာရှင်တွေဟာ ကုထုံးပေါင်းများစွာ အသုံးပြုပြီး ကုသပေးနေကြရပါတယ်။
အမေရိကန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသူတွေရဲ့ ၅၇ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုများတတ်ကြပြီး အင်္ဂလန်နိုင်ငံမှာတော့ ဆယ်ကျော်သက် အမျိုးသမီး သုံးပုံတပုံနဲ့ အမျိုးသား ၁၀ ယောက်မှာ တယောက်နှုန်း စိတ်ဖိစီးမှုများကြောင်း ၂၀၁၃ ခုနှစ်ရဲ့ သုတေသန လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။
အင်္ဂလန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ စိတ်သုတေသန ဓာတ်ခွဲခန်းမှာတော့ ဘယ်လို ဂီတအမျိုးအစားတွေဟာ စိတ်ကို သက်သောင့်သက်သာဖြစ်စေလဲဆိုတာကို အဓိကထား လေ့လာခဲ့ကြပြီး သုတေသန ပြုလုပ်နေစဉ်မှာ ဦးနှောက် လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ အသက်ရှူနှုန်း စတာတွေကိုပါ စောင့်ကြည့်ခဲ့ကြပါတယ်။
Marconi Union အဖွဲ့ ဖန်တီးထားတဲ့ “Weightless” သီချင်းဟာ သီချင်းနားထောင်နေသူရဲ့ နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်း ဖြစ်စေရုံတင် မဟုတ်ဘဲ သွေးဖိအားနဲ့ စိတ်ဖိစီးစေတဲ့ ဟော်မုန်း (Cortisol) ကိုပါ လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။
သုတေသန ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ David Lewis-Hodgson က ဒီသီချင်းဟာ အမျိုးသမီးတွေမှာ ပိုအကျိုးသက်ရောက်မှုရှိကြောင်း ကားမောင်းနေစဉ်မှာ နားထောင်ခြင်း မပြုသင့်ကြောင်း မှတ်ချက်အနေနဲ့ ပြောဆိုခဲ့တာပါ။
Weightless သီချင်းဟာဆိုရင် စိတ်ဖိစီးမှု ၆၅ ရာခိုင်နှုန်းကို လျော့ကျစေတဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ၃၅ ရာခိုင်နှုန်း အနားရစေနိုင်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။
You may also like these stories: