ကမ္ဘာတဝှမ်း ပျံ့နှံ့နေတဲ့ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံအများစုဟာ ပြည်သူတွေကို အပြင်မထွက်ရ အမိန့်တွေ ထုတ်ပြန်ပြီး တားဆီးကာကွယ်ဖို့ ကြိုးစားနေသလို နှာခေါင်းစည်းနဲ့ လက် အိတ်တွေ ဝတ်ဆင်ဖို့၊ လူစုလူဝေး မပြုလုပ်ဖို့၊ လက်ဆေးဖို့ စတာတွေနဲ့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နေကြပါတယ်။
ဒါပေမဲ့ ဥရောပနိုင်ငံတွေထဲက ဆွီဒင်နိုင်ငံမှာတော့ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ဖို့ တခြား နိုင်ငံတွေနဲ့ မတူတဲ့ နည်းဗျူဟာတွေကို ကျင့်သုံးနေပါတယ်။ ဆွီဒင်နိုင်ငံအစိုးရက ပြည်သူတွေကို Lockdown လုပ်တာမျိုး မရှိဘဲ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာလည်း ပုံမှန်အတိုင်း သွား လာခွင့် ရရှိထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက စာသင်ကျောင်းတွေ ပိတ်ထားပေမယ့် ဆွီဒင် စာသင်ကျောင်းတွေကတော့ ဖွင့်လှစ်နေဆဲ ဖြစ်သလို ဘားနဲ့ စားသောက်ဆိုင်တွေကိုလည်း ပိတ်မထားပါဘူး။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံရဲ့ စားသောက်ဆိုင်နဲ့ ဘားလို နေရာမျိုးတွေမှာ ပျော်ပျော်ရွှင်ရွှင် သောက်စားနေကြတဲ့ လူတွေကို မြင်တွေ့နိုင်သလို လမ်းမတွေပေါ် လူစုလူဝေးနဲ့ လမ်းလျှောက်နေကြသူတွေကိုလည်း မြင်နိုင်ပါတယ်။
COVID-19 ကို တွန်းလှန်ရာမှာ ဆွီဒင်အစိုးရက တဦးချင်းရဲ့ ကိုယ်ပိုင် အသိဉာဏ်ကိုသာ အသုံးပြုဖို့ တိုက်တွန်းထားသလို ဖြစ်နိုင်မယ်ဆိုရင်လည်း အိမ်ကနေပဲ အလုပ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဒီနည်းဗျူဟာကို သိပ္ပံပညာရှင်တွေက ဖန်တီးပုံဖော်ခဲ့တာဖြစ်ပြီး အစိုးရရဲ့ထောက်ခံမှုကို ရရှိထားပေ မယ့် ရောဂါပိုးမွှား ဗေဒပညာရှင်တွေကတော့ ဆွီဒင်နိုင်ငံရဲ့ COVID-19 ထိန်းချုပ်မှု နည်းဗျူဟာကို လက်မခံနိုင်ကြသေးပါဘူး။ ရောဂါပိုးမွှားဗေဒပညာရှင်တွေက လက်ရှိဆွီဒင်နိုင်ငံရဲ့ နည်းဗျူဟာတွေကို လက်မခံနိုင်ကြသေးပေမယ့် စစ်တမ်းတွေအရတော့ ဆွီဒင်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁ လလောက်တုန်းကထက် ရောဂါပျံ့ နှံ့မှု သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ တလလောက်တုန်းကတော့ ဆွီဒင်နိုင်ငံက ပြည်သူတွေဟာ နှာခေါင်းစည်းတွေ တပ်ဆင်ခဲ့ကြပြီး လူစည်ကားရာနေရာတွေမှာ တယောက်နဲ့ တယောက် ခပ်ခွာခွာနေခဲ့ကြပါတယ်။ အများသုံး ဘတ်စ်ကားတွေကိုလည်း အသုံးပြုမှုနည်းပါးခဲ့ပြီး အိမ်က အလုပ်လုပ်ကြတဲ့ အလုပ်သမား အရေအတွက် များပြားခဲ့ပါတယ်။
အီစတာ အားလပ်ရက်မှာတောင် ခရီးသွားတာတွေကို ရှောင်ကြဉ်ခဲ့ကြပါတယ်။ အစိုးရကလည်း လူ ၅၀ ထက် ပိုမိုစုစည်းတာကို တားမြစ်ခဲ့သလို နေအိမ်အတွင်းမှာပဲ ဂရုတစိုက်နေကြဖို့ လမ်းညွှန်ခဲ့ပါတယ်။ ပြည်သူတွေဟာ နေအိမ်အတွင်းမှာလည်း တယောက်နဲ့ တယောက် ၁ မီတာ (၃ ပေ) ခွာပြီးနေထိုင်ခဲ့ကြပါတယ်။
ဆွီဒင်ပြည်သူတွေဟာ အစိုးရလမ်းညွှန်ချက်တွေကို လိုက်နာခဲ့ကြပေမယ့် မွန်းကြပ်မှုတွေကြောင့် အခြေအနေ ဆိုးရွားလာမှာကို ဆွီဒင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စိုးရိမ်လာခဲ့ပါတယ်။ ဒါကြောင့် လည်း သိပ္ပံပညာရှင်တွေဟာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆွီဒင်နိုင်ငံနဲ့ သင့်တော်တဲ့ နည်းဗျူဟာ အသစ်တွေကို ဖန်တီးဖို့အတွက် စဉ်းစားလာခဲ့ကြပါတယ်။
ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို ဆက်ပြီးထိန်းချုပ်ထားမယ်ဆိုရင် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ရှိလာနိုင်သလို COVID-19 ကို ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ချက်လည် ပျောက်ဆုံးသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြပါတယ်။
ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကျွမ်းကျင်သူတဦးဖြစ်တဲ့ Anders Tegnell ကလည်း “COVID-19 ကို ထိန်းချုပ်နိုင်ဖို့ ဆွီဒင်နိုင်ငံရဲ့ ကျန်းမာရေးအစီအစဉ်ကတော့ စိတ်ဖိစီးမှုတွေနဲ့ အလုပ်လုပ်နေရတာကို ထိန်းချုပ်တာပါပဲ”လို့ ပြောခဲ့ပါတယ်။
ဆွီဒင်နိုင်ငံဟာ COVID-19 ပြန့်ပွားမှု ကာလအတွင်းမှာ လူ့အဖွဲ့အစည်း နေထိုင်လှုပ်ရှားမှုတွေကို တခြားဥရောပနိုင်ငံတွေထက် ပိုမိလွတ်လပ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူစုလူဝေးနဲ့ နေထိုင်ခြင်းက ရောဂါကူးစက်မှုကို ပိုမိုဆိုးရွားစေတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ဆွီဒင်နိုင်ငံက ဆန့်ကျင်ခဲ့ပြီး ဒေါက်တာ Tegnell ကိုယ်တိုင် လန်ဒန်မြို့က Imperial College မှာ ဆွီဒင်နိုင်ငံရဲ့ နည်းဗျူဟာသစ်ကို ဝေမျှခဲ့ပါတယ်။
ဆွီဒင်နိုင်ငံဟာ COVID-19 ကို ထိန်းချုပ်ရာမှာ သိမ်မွေ့တဲ့နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးတွေရဲ့ပညာရေး မနှောင့်နှေးစေဖို့နဲ့ မိဘတွေ လုပ်ငန်းခွင် အမြန် ပြန် ဝင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တခြားနိုင်ငံတွေထက် တင်းကြပ်မှုလျော့နည်းတဲ့ နည်းဗျူဟာတွေကိုအသုံးချခဲ့လို့ ပြည်သူတွေ စိတ်ဖိစီးမှု လျော့ကျစေခဲ့ပါတယ်။
COVID-19 စတင်ပြန့်ပွားချိန်မှာ လူဦးရေ ၁၀ သန်းရှိတဲ့ ဆွီဒင်နိုင်ငံဟာ ရောဂါကူးစက်မှုနှုန်းမှာ ထိပ် ဆုံးနိုင်ငံ ၂၀ စာရင်းထဲ ပါဝင်ခဲ့ပေမယ့် အရေးကြီးတဲ့လုပ်သားတွေကို ရောဂါစမ်းသပ်မှုတွေ အမြန်ဆုံးပြုလုပ်ပြီး နည်းဗျူဟာ အသစ်ကို စတင်အသုံးပြုချိန်မှာ ရောဂါပျံ့နှံ့မှုနှုန်း သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။
COVID-19 စတင် ပြန့်ပွားခဲ့တဲ့ အစောပိုင်းကာလမှာ ဆွီဒင်နိုင်ငံအတွင်း သေဆုံးခဲ့သူတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ လူစုလူဝေး မလုပ်ဘဲ အိမ်အတွင်း Lockdown နေထိုင်ရတဲ့ တင်းကြပ်တဲ့ စည်းကမ်း တွေကြောင့် အစိုးရိမ်လွန်ပြီး သေဆုံးခဲ့ကြရတာဖြစ်တယ်လို့ ဒေါက်တာ Tegnell က ပြောပါတယ်။
ပြည်သူတွေကို သက်သက်သာသာနေစေတဲ့ နည်းဗျူဟာကို အစောပိုင်းက ဝေဖန်မှုတွေရှိခဲ့ပြီး စစ်တမ်းတခုကဆိုရင် အစိုးရရဲ့ နည်းဗျူဟာကြောင့် မေလ မတိုင်ခင် စတော့ဟုမ်းမြို့က ပြည်သူ ၃ ပုံ ၁ ပုံလောက် ရောဂါကူးစက်ခံရမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရောဂါ ကူးစက်မှုနှုန်းဟာ ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့လို့ စစ်တမ်းပြုစုတဲ့အေဂျင်စီဟာ သူတို့ တွက်ချက်ပုံမှားတယ်လို့ ပြန်လည် ကြေညာခဲ့ပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven ကလည်း ပြည်သူတွေဟာ အပန်းဖြေဖို့ အချိန်လိုအပ်ကြောင်း သတိပေးခဲ့ပြီး ပြည်သူတွေအနေနဲ့ မိတ်ဆွေတွေ မိသားစုတွေအတွက် အချိန်ပိုပေးဖို့ တိုက်တွန်းခဲ့ပါ တယ်။ ဆွီဒင်နိုင်ငံရဲ့ COVID-19 ထိန်းချုပ်မှု ပုံစံသစ်အတွက် အငြင်းပွားမှုတွေ ရှိနေပေမယ့် ဆွီဒင် ပြည်သူတွေကတော့ ပန်းခြံတွေ၊ ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာ သူတို့ရဲ့နေ့ရက်တွေကို သာမန်အချိန်လိုပဲ ဖြတ်သန်းနေကြပါတယ်။
(Maddy Savage ရေးသားသော “Has Sweden got its science right?” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။)