ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေနဲ့ ပတ်သက်ပြီး သမ္မတတယောက် အနေနဲ့ ဘယ်လို တုန့်ပြန်မှုတွေ ရှိနေလဲဆိုတဲ့ မေးခွန်းကို Fox News သတင်းဌာနက မေးမြန်းတဲ့ အခါမှာ ဒေါ်နယ်ထရမ့်က သိပ်ပြီး ကြီးကျယ်တဲ့ ကိစ္စမဟုတ်ဘူးလို့ ဖြေခဲ့ပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေနဲ့ လူ ၁ သိန်းလောက် ရောဂါကြောင့် ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပြီး ဒါဟာ သူကိုယ်တိုင် စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ပေးခဲ့တဲ့ လွန်ခဲ့သော ရက်သတ္တပတ်လောက်က သူခန့်မှန်းပြောဆိုခဲ့တာနဲ့ အများကြီး ကွာဟနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရောဂါကြောင့် သေဆုံးသူ ၆ သောင်းခန့် ရှိနိုင်တယ်လို့ ခန့်မှန်းကာ ကမ်းခြေများနဲ့ ပန်းခြံများကို ပြန်ဖွင့်ခွင့် ပေးခဲ့တာဖြစ်ပြီး ကျောင်းများကိုလည်း နွေရာသီကုန်တာနဲ့ ပြန်ဖွင့်ရမယ်လို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
“ကျုပ်တို့ အနေနဲ့ လူ ၇ သောင်း၊ ၈ သောင်းခွဲလောက်ကနေ ၁ သိန်းအတွင်း ဆုံးရှုံးရနိုင်ခြေ ရှိတယ်။ ဒါက တော်တော်ကြောက်ဖို့ ကောင်းတဲ့ ကိစ္စပါ။ တကယ်တော့ ကျုပ်တို့ ဘယ်သူ့ကိုမှ မဆုံးရှုံးသင့်ဘူး”လို့ သမ္မတ ထရမ့်က မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
အင်တာဗျူး ဖြေနေချိန်အတွင်းမှာ ထရမ့်ဟာ ဇန်နဝါရီ ၂၃ ရက်နေ့ ကတည်းက ရောဂါနဲ့ ပတ်သက်တဲ့ သတိပေးစာတွေကို ရခဲ့ကြောင်းနဲ့ ရောဂါဟာ သိပ်ပြီး ကြီးကျယ်တဲ့ ကိစ္စမဟုတ်ကြောင်း ပြောခဲ့ပါတယ်။
သူက ထပ်ပြီး ” ကျုပ်တို့အနေနဲ့ ထပ်ပြီး တားဆီးမှုတွေ မလုပ်ရင် လူသန်းနဲ့ ချီပြီး ဆုံးရှုံးရလိမ့်မယ်”လို့ ပြောဆိုခဲ့ပါသေးတယ်။ “ဇန်နဝါရီလ ၂၃ရက်နေ့ကတည်းက ရောဂါဖြစ်နေပြီဆိုတာ ကျုပ်တို့ သိရတယ်။ ဒါပေမဲ့ ရောဂါက ကျုပ်တို့ဆီက မဟုတ်ဘူးလေ။ အစည်းအဝေးတွေ ပြုလုပ်ပြီး မကြာခင်မှာပဲ တရုတ်ပြည်က လူတွေကို ဝင်ခွင့်ပိတ်လိုက်တယ်”လို့ ထရမ့်က ပြောပါတယ်။
အမှန်တကယ်တော့ ဒေါ်နယ်ထရမ့် အနေနဲ့ ပိတ်ဆို့မှုတွေကို ဇန်နဝါရီလကုန်မှ စတင်ခဲ့တာဖြစ်ပြီး တရုတ်ပြည်မှ ဝင်လာတဲ့ လေကြောင်းအားလုံးကို ပိတ်ဆို့တာ မဟုတ်ဘဲ အနည်းငယ်ကိုသာ ပိတ်ဆို့ခဲ့တာဖြစ်ပြီး လေကြောင်းလိုင်းက ဝင်ရောက်လာသူများကိုလည်း ကျန်းမာရေးအရ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒေါ်နယ်ထရမ့် အင်တာဗျူးဖြေနေချိန်မှာ ဒီနှစ်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်မယ့် Fox News ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒီမိုကရက်တစ်ပါတီဝင် Joseph R. Biden Jr က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ဗီဒီယိုဖိုင်တခုကို တင်ခဲ့ပါတယ်။
ဗီဒီယိုအတွင်းမှာ Joseph R. Biden Jr က “ဒေါ်နယ်ထရမ့်က သမ္မတလုပ်ရတာကို အင်တာနက်မှာ စာလေးတင်ရုံ ဟန်ရေးပြရုံလောက်ပဲ ထင်နေတယ်။ သူဘယ်တုန်းကမှ အမေရိကန်နိုင်ငံသား သန်း ၃၃၀ ကို အမှန်တကယ် ကာကွယ်ပေးရမယ်လို့ တွေးခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း သူကာကွယ်မပေးဘူး”လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ တာဝန်ယူမှု မရှိခြင်းနဲ့ အလေးအနက် မထားခြင်းတို့ကြောင့် လူထုရဲ့ ဝေဖန်မှုကို အပြင်းအထန်ခံနေရပါတယ်။ အမေရိကန်ဟာ လက်ရှိမှာ ရောဂါကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်နေပြီး သေဆုံးသူလည်း အမြင့်ဆုံးဖြစ်နေပါတယ်။
Ref. NYtimes
You may also like these stories:
COVID-19 ရောဂါကို ဆွီဒင် ဘယ်လို ထိန်းချုပ်လဲ
အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ ကိုယ်ခံအားကောင်းမွန်ဖို့ အရေးကြီးဆုံးဖြစ်
COVID-19 ကို တိုက်ထုတ်နိုင်မယ့် နည်းလမ်း တရုတ် မျှဝေ