ရုရှားနိုင်ငံမှာတော့ မေလ ၂ရက်နေ့က ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၉,၆၂၃ ဦးအထိ မြင့်တက်လာခဲ့ပြီး အဲဒီအရေအတွက်ဟာ ရုရှားမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှ အခုအချိန်အထိ နေ့စဉ် ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု အများဆုံးအဖြစ်လည်း စံချိန်သစ်တင်ခဲ့ပါတယ်။
ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၃၅,၀၀၀ ဦးရှိလာပြီး အများစုဟာ မော်စကိုမြို့တော်မှာ ဖြစ်ပါတယ်။ ရုရှားမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်လည်း တိုးလာခဲ့ပြီး စုစုပေါင်း ၁,၂၈၀ ဦး ရှိလာတယ်လို့ ကပ်ရောဂါ ကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရေးဗဟိုဌာနက မေလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
တရက်အတွင်း ကူးစက်ခံရသူများ စံချိန်တင် တိုးလာခဲ့တာကြောင့် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်လာနိုင်မှုအပေါ် မော်စကိုမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ မေ ၂ ရက်နေ့က ကူးစက်ခံရသူ အသစ်တွေ့ရှိမှုဟာ မေ ၁ ရက်နေ့ ကထက် ၂၀ ရာခိုင်နှုန်းအထိ ပိုများခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှားမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး Lockdown အစီအမံတွေ ဆောင်ရွက်နေပေမယ့် ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေခဲ့ပါတယ်။ မော်စကိုမြို့တော်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာဖြစ်ပြီး ကူးစက်ခံရသူ ၆,၂၆၀၀ အထိ တွေ့ရှိထားပါတယ်။ ဒါဟာ တနိုင်ငံလုံး ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်ရဲ့ ထက်ဝက်ခန့်လည်း ဖြစ်ပါတယ်။
အမေရိကန်၊ အီတလီနဲ့ စပိန်တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရုရှားမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက် နည်းနေသေးတယ်ဆိုပေမယ့် လက်ရှိအချိန်အထိ ကူးစက်ဖြစ်ပွားမှု အထွတ်အထိပ် သို့မဟုတ် အဆိုးဆုံး အခြေအနေကို မရောက်သေးဘူးလို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ရုရှားမှာ Lockdown လုပ်ထားမှုအရ အများပြည်သူအနေနဲ့ ဈေးဝယ်ရန်၊ ခွေးများနဲ့အတူ လမ်းလျှောက်ထွက်ရန်နဲ့ အမှိုက် စွန့်ပစ်ရန်အတွက်သာ နေအိမ်ပြင်ပကို သွားလာခွင့် ပြုထားပါတယ်။ ရုရှားသမ္မတ ပူတင်က တနိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်မှုများ လာမယ့် မေ ၁၁ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
Ref. Reuters, AFP
You may also like these stories:
ကိုဗစ်ကြောင့် US မှာ သေဆုံးသူ ၁ သိန်းကျော်နိုင်တယ်လို့ သမ္မတထရမ့် ခန့်မှန်း
COVID-19 ရောဂါကို ဆွီဒင် ဘယ်လို ထိန်းချုပ်လဲ