၂ လခန့် နေအိမ်အတွင်းမှာ ပိတ်ဆို့ခံရပြီးနောက်မှာတော့ အသစ် ချမှတ်နေတဲ့ စည်းမျဉ်းတွေဟာ နိုင်ငံသားများရဲ့ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အထောက်အကူပြုနိုင်ခြင်း မရှိဘူးလို့ အီတလီနိုင်ငံသားများက ဝေဖန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီတလီဝန်ကြီးချုပ် Giuseppe Conte အနေနဲ့ နိုင်ငံတွင်း အသွားအလာပိတ်ဆို့မှုများကို ဖြေလျော့ပေးမယ်လို့ ပြောခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာတာကြောင့် အခုလို မကျေမချမ်း ဖြစ်နေကြခြင်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အီတလီနိုင်ငံမှာ ဒေသတွင်းသွားလာခွင့်ကို ပြန်လည် ခွင့်ပြုထားပြီး ဝေးကွာနေရတဲ့ ဆွေမျိုးများကို ပြန်လည် တွေ့ခွင့်ရပြီဖြစ်ပေမယ့် ကျောင်းများ၊ အားကစားရုံများနဲ့ အခြားစီးပွားရေးလုပ်ငန်းများကိုတော့ ဆက်ပြီး ပိတ်ထားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ခရီးဝေးသွားလာခွင့်ကိုတော့ ဆက်ပြီး ပိတ်ထားဦးမှာဖြစ်ပြီး လုပ်ငန်းသဘောအရ သွားလာခွင့်ကိုသာ ပေးထားမှာ ဖြစ်ပါတယ်။ အသုဘအခမ်းအနားများ ပြုလုပ်ခွင့်မှာ လူဦးရေ ၁၅ ယောက်အထိ တက်ရောက်ခွင့် ပေးထားပေမယ့် လူအများကြီး လာရောက်နိုင်တဲ့ မင်္ဂလာပွဲတွေကိုတော့ ဆက်လက် ပိတ်ပင်ထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
စားသောက်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးထားပေမယ့် ပါဆယ် ဝယ်ယူခွင့်သာရှိတယ်လို့ သိရပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ အခုလို ပိတ်ဆို့တာတွေကို လပေါင်းများစွာ လုပ်တာဟာ သူတို့ရဲ့ လုပ်ငန်းတွေကို အလွန်ထိခိုက်ကြောင်း ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။
နွေဦးရာသီကို မကြာခင်မှာ ရောက်ရှိတော့မယ့် အီတလီနိုင်ငံဟာ နိုင်ငံခြားသား ခရီးသွားများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ဝင်ငွေ သန်းပေါင်း ရာနဲ့ချီပြီး ထိခိုက်နစ်နာမှုတွေ ရှိလာမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အီတလီဟာ ကိုရိုနာကူးစက်ခံရမှုမှာ ကမ္ဘာအဆင့် ၃ နေရာမှာ ရှိနေပြီး နေ့စဉ် သေဆုံးသူ ရာနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။
Ref; theguardian.com
You may also like these stories:
ဂျာမနီမှာ Lockdown ဖြေလျှော့မှုကြောင့် ရောဂါကူးစက်မှု ပိုဆိုးလာ
COVID-19 ကူးစက်ခံရသူတွေကို အိမ်တိုင်ရာရောက် ကုသပေးနေတဲ့ အီတလီ ဆရာဝန်