Trend

အမေရိကနဲ့ ဥရောပထက် အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှု နှေးကွေး

ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ အာရှနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူပေါင်း ၂၅၀,၀၀၀ကျော် ရှိသွားပြီလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေတာကတော့ အမေရိကနဲ့ ဥရောပနိုင်ငံတွေပါပဲ။

အာရှတိုက်ကိုကြည့်မယ်ဆိုရင်တော့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံမှာ ရောဂါကူးစက်မှုနှုန်းက သိသိသသာသာ ကျဆင်းလာခဲ့ပြီး စင်ကာပူ၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံမှာတော့ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပါတယ်။

ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့အခြေအနေကလည်း လက်ရှိအချိန်မှာတော့ မြောက်အမေရိကနဲ့ ဥရောပနိုင်ငံတွေထက် ပိုပြီးကောင်းမွန်နေပါတယ်။ ရောဂါစတင်ဖြစ်ပွားပြီး ၄ လကြာပြီးနောက်မှာတော့ အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်ခံရသူ အရေအတွက်က ၂၅၀,၀၀၀ ကျော်သာ ရှိခဲ့ပြီး ဒီပမာဏဟာ စပိန်နိုင်ငံမှာ ကူးစက်ခံနေရတဲ့ အရေအတွက်ထက် လျော့နည်းပါတယ်။

လက်ရှိအချိန်အထိတော့ စပိန်နိုင်ငံမှာ ရောဂါကူးစက်ခံနေရသူအရေအတွက်က ၂၅၃,၆၈၂ ယောက် ရှိပြီး အာရှနိုင်ငံ တွေမှာတော့ ရောဂါကူးစက်ခံရသူပေါင်းက ၂၅၀,၆၅၀ ယောက်သာ ရှိပါတယ်။ ဒါကြောင့်လည်း အာရှနိုင်ငံတွေမှာ ရောဂါကူးစက်မှုနှုန်းက ပိုပြီးနှေးကွေးတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ အာရှနိုင်ငံတွေမှာ ရောဂါကူးစက်ခံထားရတဲ့ အရေအတွက်က ၇ ရာခိုင်နှုန်းသာရှိပြီး ဥရောပနိုင်ငံတွေမှာ ၄၀ ရာခိုင်နှုန်းနဲ့ မြောက်အမေရိကမှာ ၃၄ ရာခိုင်နှုန်း ရှိနေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ စိုးရိမ်နေတဲ့ အချက်တခုကတော့ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို ထိန်ချန်ထားမှာကိုပါ။ ဒီလို ထိန်ချန်ထားမယ်ဆိုရင်တော့ ကပ်ရောဂါရဲ့ အခြေ အနေက ပိုပြီးဆိုးရွားသွားဖို့သာ ရှိပါတယ်။

COVID-19 ကြောင့် သေဆုံးရတဲ့ လူစာရင်းကို ကောက်ယူတဲ့အခါမှာလည်း နိုင်ငံအများစုက ဆေးရုံမှာသေတဲ့ အရေအတွက်စာရင်းကိုသာ ကောက်ယူကြတာဖြစ်ပြီး နေအိမ်တွေမှာ သေဆုံးတာနဲ့ ဘိုးဘွားရိပ်သာလို နေရာတွေမှာ သေဆုံးတာတွေရဲ့ စာရင်းကိုတော့ ကောက်ယူထားခြင်း မရှိကြသေးဘူးလို့ သိရပါတယ်။

နိုင်ငံအများစုနဲ့ ယှဉ်ကြည့်မယ်ဆိုရင်လည်း အာရှဒေသတွေမှာ COVID-19 ကြောင့် လူသေဆုံးမှု ပမာဏကလည်း သိသိသာသာကိုပဲ နှေးကွေးတာ တွေ့ရပါတယ်။ COVID-19 ကြောင့် လူသေဆုံးမှုပမာဏဟာ ဥရောပနိုင်ငံတွေမှာ ၅၇ ရာခိုင်နှုန်း ၊ မြောက်အမေရိကမှာ ၂၉ ရာ ခိုင်နှုန်းနဲ့ အာရှမှာတော့ ၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

ဥရောပနိုင်ငံတွေဖြစ်တဲ့ စပိန်၊ အီတလီ၊ ယူကေ နဲ့ ပြင်သစ်စတဲ့နိုင်ငံတွေရဲ့သေဆုံးမှုနှုန်းကတော့ တနိုင်ငံကို ၂၅,၀၀၀ ကျေ ာ်ရှိပါတယ်။ ယူကေဆိုရင် ၃ သောင်းကျော်အထိ ရှိသွားပါပြီ။ နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင်တော့ အာရှနိုင်ငံတွေမှာ COVID-19 ကြောင့် လူသောင်းနဲ့ချီပြီး သေဆုံးရတဲ့ နိုင်ငံရယ်လို့ မရှိသေးပါဘူး။

ဒါကြောင့်လည်း အာရှနိုင်ငံတွေဟာ COVID-19 ကြောင့် လူသေဆုံးမှု နှေးကွေးတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။ အာရှမှာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံကတော့ အီရန်နိုင်ငံဖြစ်ပြီး ၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဘူတန်၊ လာအို၊ အရှေ့တီမော၊ မွန်ဂိုလီးယား၊ မကာအို၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ အာရှနိုင်ငံတွေကတော့ COVID-19 ကြောင့် လူသေဆုံးမှု မရှိသေးတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

Ref: Reuters

You may also like these stories:

ထိုင်းမှာ Lockdown ကာလအတွင်း သေကြောင်းကြံစည်မှု များလာ

ဂျာမနီရှိ ဆိုင်များအားလုံး ပြန်ဖွင့်တော့မည်

မလေးရှားရှိ ရွှေ့ပြောင်းလုပ်သား အားလုံး COVID-19 စစ်ဆေးမည်

Loading