ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ထပ်မတိုးလာခဲ့တဲ့ ကာလ အတော်ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့လကတည်းက ကူးစက်သူ ၁၂၂ ယောက်ကနေ ထပ်မတိုးလာခဲ့တာ ဒီနေ့အချိန်ထိ တိုင်အောင်ပါ။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ COVID-19 အကျပ်အတည်းကို လူသေဆုံးမှု မရှိဘဲ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘောဒီးယားအစိုးရအနေနဲ့ ပြည်တွင်း ပြည်ပလေကြောင်းလိုင်းတွေ ပြန်လည်ပြေးဖို့ စတင် ပြင်ဆင်နေပြီ ဖြစ်သလို COVID-19 ကပ်ရောဂါဆိုးကြီး ပေးခဲ့တဲ့ ဆိုးကျိုးတွေကို ကျော်လွှားနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။
ကမ္ဘောဒီးယားလေကြောင်းလိုင်းအပြင် ထိုင်ဝမ်လေကြောင်းတွေ ဖြစ်ကြတဲ့ China လေကြောင်းလိုင်းနဲ့ EVA လေကြောင်းလိုင်းတွေဟာ မြို့တော် ဖနွမ်းပင်ကို အသွားအပြန် ပျံသန်းပေးနေပြီ ဖြစ်သလို ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာတော့ Cathay Pacific လေကြောင်းလိုင်း ၊ အာရပ်စော်ဘွားများပြည်ထောင်စုလေကြောင်းလိုင်း၊ ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်း စတာတွေဟာ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည် ပျံသန်းတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က Khmer Times သတင်းစာမှာ ဖော်ပြထားပါတယ်။
Khmer Times သတင်းစာဟာ ဖနွမ်းပင်အခြေစိုက် သတင်းစာတစောင်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားဖော်ပြတဲ့ သတင်းစာလည်း ဖြစ်ပါတယ်။ COVID-19 ကာလအတွင်း ကမ္ဘောဒီးယားလေကြောင်းတွေအနေနဲ့ ခရီးသည်အရေအတွက် ၉၀ ရာ ခိုင်နှုန်းကျော် ကျဆင်းခဲ့ရတယ်လို့ သိရပါတယ်။
မေလ ၄ ရက်နေ့က ထုတ်ပြန်ချက်အရ ပြည်ပလေကြောင်းလိုင်းခရီးစဉ်အနေနဲ့ တပတ်ကို တကြိမ်သာ တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို လေကြောင်း ပျံသန်းခွင့်ပြုခဲ့ပြီး တခြားလေကြောင်းလိုင်းတွေ အားလုံးနီးပါးကတော့ လေကြောင်းလိုင်း ခရီးစဉ်တွေ အားလုံးကို ရပ်ဆိုင်းထားခဲ့ရပါတယ်။
ဖနွမ်းပင်လေဆိပ် Website မှာဖော်ပြထားတာကတော့ မေလ ၆ ရက်နေ့မှာ ပြည်ပလေကြောင်းခရီး စဉ် ၅ ခုရှိခဲ့ပြီး ၃ ခုက တရုတ်နိုင်ငံကို ပျံသန်းခဲ့သလို ၂ ခုကတော့ တောင်ကိုရီးယားနိုင်ငံကို ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းခရီးစဉ်အနေနဲ့ကတော့ မေလ ၆ ရက်နေ့မှာ ဖနွမ်းပင်လေဆိပ်ကနေ Sihanoukville ကို ပျံသန်းခဲ့ပါတယ်။ ကမ္ဘောဒီးယားအစိုးရအနေနဲ့ လေကြောင်းခရီးစဉ်တွေကို ထပ်မံတိုးချဲ့သွားဖို့လည်း စီစဉ်နေပါတယ်။
မတ်လကနေ မေလအထိ ကမ္ဘောဒီးယားအစိုးရအနေနဲ့ ဒေသတွင်း လေကြောင်းလိုင်းတွေကို အခွန် ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ ချေးယူထားတဲ့ ငွေကြေးတွေကိုလည်း ၆ လ နောက်ကျပြီးမှ ပြန်လည်ပေးဆပ်ဖို့ အစိုးရက သဘာတူခဲ့ပါတယ်။
Ref: flightglobal
You may also like these stories:
ဗီယက်နမ်မှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည် စတင်
ထိုင်းမှာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲ