တရုတ်နိုင်ငံ ဝူဟန်မြို့မှာ COVID-19 ပထမဆုံးလူနာကို ဒီဇင်ဘာလနှောင်းပိုင်းအချိန်မှာ စတင်တွေ့ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ စတင်တွေ့ရှိတဲ့အချိန်နဲ့ မတိမ်းမယိမ်းလောက်မှာပဲ ပြင်သစ်နိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူတယောက်ကို တွေ့ရှိခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အနီးက ဆေးရုံတရုံမှာ အဆုတ်ရောင်နာရောဂါ ခံစားနေရတဲ့ လူနာတယောက် ဒီဇင်ဘာလ ၂၇ ရက်နေ့ကတည်းက ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းကာလတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ COVID-19 ရောဂါရှင်တယောက်ဖြစ်နေတဲ့အကြောင်း လူနာကို ဆေးကုသပေးခဲ့ရတဲ့ ဒေါက်တာ Yves Cohen က ပြောပါတယ်။
ဒေါက်တာရဲ့ဆိုလိုရင်းကတော့ COVID -19 ဟာ လူတွေ တွေးထင်နေကြသလို ဥရောပနိုင်ငံတွေကို အချိန်နောက်ကျပြီးမှ ရောက်လာခဲ့တာမျိုး မဟုတ်ဘဲ တလလောက် စောပြီး ရောက်နေခဲ့တယ်ဆိုတာပါ။
အခုချိန်မှာတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ရှိခဲ့တဲ့ ပြင်သစ် COVID-19 လူနာဟာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပါပြီ။ လူနာအနေနဲ့ သူ ဘယ်လိုရောဂါ ကူးစက်ခံရသလဲဆိုတာကို ဒီနေ့အထိ အဖြေ တိတိကျကျ မပေးနိုင်သေးပါတယ်။ လူနာရဲ့နောက်ကြောင်း ရာဇဝင်တွေကို ပြန်ဖော်ထုတ်ကြည့်တဲ့အခါမှာလည်း သူဟာ ခရီးသွားရာဇဝင် မရှိသူ တယောက်ဖြစ်နေတာကို တွေ့ရပါတယ်။
COVID-19 ကူးစက်မှုကို လေ့လာရာမှာ ပထမဆုံး ဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ ဘယ်လို ပြန့်ပွားသွားသလဲဆိုတဲ့ အချက်တွေက သော့ချက်ကြပါတယ်။ ဒါကြောင့်လည်း ပထမဆုံးလူနာက တကယ်ကို အရေးကြီးပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောရေးဆိုခွင့်ရှိသူ Christian Lindmeier ကလည်း ရောဂါဖြစ်ပွားမှုတွေကို ရှင်းရှင်းလင်းလင်း သိရဖို့အတွက် ရောဂါပြန့်ပွားမှု မှတ်တမ်းတွေကို သေချာပြုစုကြဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
ပဲရစ်မြို့အနီးက Jean-Verdier နဲ့ Avicenne ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုဌာနရဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာ Yves Cohen က ဒီဇင်ဘာ ၂၇ ရက်နေ့က သူကုသပေးခဲ့ရတဲ့ ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး COVID-19 လူနာဟာ အသက် ၄၃ နှစ်အရွယ် ရှိသူဖြစ်ပြီး ပဲရစ်မြို့ အရှေ့မြောက်ပိုင်းက Bobigny မှာ နေထိုင်သူ ဖြစ်ပါတယ်။
ဒေါက်တာရဲ့ ပြောဆိုချက်အရ COVID-19 ရဲ့ လက္ခဏာတွေဟာ ၅ ရက်ကနေ ၁၄ ရက်အတွင်း ပြသတာဖြစ်တဲ့အတွက် လူနာဟာ ဒီဇင်ဘာ ၁၄ ရက်ကနေ ၂၂ ရက်အတွင်းလောက်မှာ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ရမယ်လို့ သုံးသပ်ထားပါတယ်။
လူနာဖြစ်သူ Amirouche Hammar ဟာ ချောင်းခြောက်ဆိုးခြင်း ၊ အသက်ရှုရခက်ခဲခြင်း ၊ ကိုယ်အပူအချိန် မြင့်တက်ခြင်း စတာတွေကိုခံစားခဲ့ရတဲ့အတွက် ဒီဇင်ဘာ ၂၇ နေ့မှာ ဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူခံစားနေရတဲ့ လက္ခဏာတွေဟာ COVID-19 ရောဂါရဲ့ လက္ခဏာတွေဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
ပြင်သစ်နိုင်ငံမှာ COVID-19 လူနာ စတင်တွေ့ရှိချိန်ဟာ တရုတ်အစိုးရက WHO ကို ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကြောင်းမကြားရသေးခင် ၄ ရက်အလိုက ဖြစ်ပါတယ်။ ပထမဆုံးတွေ့ရှိရတဲ့ လူနာကလည်း နေထိုင်မကောင်း မဖြစ်သေးခင်အချိန်တုန်းကလည်း သူဟာ ပြင်သစ်နိုင်ငံမှာပဲ ရှိနေခဲ့ပြီး ဘယ်နိုင်ငံကိုမှ ခရီးမထွက်ခဲ့ဘူးလို့ ရုပ်မြင်သံကြား အစီအစဉ်တခုမှာ ပြောသွားခဲ့ပါတယ်။
သူ့ ကလေး ၂ ယောက်လည်း ရောဂါကူးစက်ခံခဲ့ရပေမယ့် ဇနီးဖြစ်သူကတော့ ဘာလက္ခဏာမှ မပြဘူး လို့ သိရပါတယ်။ ပထမဆုံးကူးစက်ခံရတဲ့ လူနာနဲ့ ပတ်သက်ပြီး ဒေါက်တာ Cohen အဓိက ညွှန်ပြတဲ့အချက်တချက်ကတော့ လူနာရဲ့ဇနီးဖြစ်သူဟာ Charles de Gaulle လေဆိပ်အနီးက စူပါမားကတ်တခုမှာ အလုပ်လုပ်သူဖြစ်တဲ့အတွက် တရုတ်နိုင်ငံကလာတဲ့ ခရီးသွားတွေနဲ့ နီးစပ်မှု ရှိနိုင်တယ်ဆိုတဲ့အချက်ပါပဲ။
လူနာရဲ့ဇနီးဖြစ်သူကလည်း တခါတခါမှာတော့ ဝယ်ယူသူတွေဟာ လေဆိပ်ကနေ စူပါမားကတ်ကို တန်းလာကြတယ်လို့ ပြောပါတယ်။ သူမမှာ ရောဂါလက္ခဏာမပြတာကိုလည်း သူတို့ ဆရာဝန်တွေအနေနဲ့ အံ့သြနေရကြောင်း ဒေါက်တာ Cohen က ပြောပါတယ်။
Ref: BBC
You may also like these stories:
ကိုရိုနာက ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှုထက် ပိုဆိုးကြောင်း ထရမ့်ပြော
လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းရန် ကမ္ဘောဒီးယား ကြိုးပမ်းနေ
အမေရိကနဲ့ ဥရောပထက် အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှု နှေးကွေး