အမေရိကန်နိုင်ငံမှာ နေ့စဉ်ဆိုသလို COVID-19 ကြောင့် လူအများအပြား သေဆုံးနေရပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် လူပေါင်း ၇၆,၉၂၈ ယောက်အထိ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ COVID-19 ကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ နေ့စဉ်နေ့တိုင်းလည်း လူပေါင်းထောင်ချီပြီး ရောဂါ ကူးစက်ခံနေရပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အများစုဟာ COVID-19 ကူးစက်မှုဒဏ်ကို ခံစားနေရပေမယ့် ရောဂါ ကူးစက်သူ တယောက်မှ မရှိသေးတဲ့ နယ်မြေတခု ကျန်ရှိနေပါသေးတယ်။ အဲဒီနေရာကတော့ အမေရိကန်ဆာမိုအာကျွန်းလို့ခေါ်တဲ့ ဒေသပါ။ အမေရိကန်ပြည်ထောင်စုရဲ့ပေါင်းစည်းနယ်မြေ ဖြစ်တဲ့ အမေရိကန်ဆာမိုအာကျွန်းဟာ တောင်ပစိဖိတ်သမုဒ္ဒရာမှာ တည်ရှိပါတယ်။
အမေရိကန်နိုင်ငံက ကျွန်းအများစုဟာ COVID-19 နဲ့ ရင်ဆိုင်တိုက်ပွဲမှာ ကျဆုံးမှုတွေ များခဲ့ပေမယ့် အမေရိကန် ဆာမိုအာကျွန်းကတော့ လက်ရှိအချိန်အထိ ကူးစက်သူတယောက်မှ မရှိသေးဘဲ COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ဖြတ်ကျော်နေနိုင်တုန်းပဲလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တုပ်ကွေးကပ်ရောဂါ ကာလအတွင်းတုန်းကလည်း အမေရိကန် ဆာမိုအာ ကျွန်းမှာ ကြီးမားတဲ့ ထိခိုက်မှု မရှိခဲ့ပါဘူး။ အမေရိကန် ဆာမိုအာကျွန်းနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဆာမိုအာ နိုင်ငံကတော့ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တုပ်ကွေးကပ်ရောဂါကြောင့် နိုင်ငံလူဦးရေ ၅ ပုံ ၁ ပုံ အသက်ဆုံးရှုံးခဲ့ရပါတယ်။
အမေရိကန် ဆာမိုအာကျွန်းရဲ့ ရိုမန်ကက်သလစ် ဘာသာရေးခေါင်းဆောင်ဖြစ်သူ သိက္ခာတော်ရ ဆရာတော် ပီတာဘရောင်းကလည်း“ကမ္ဘာကြီးပေါ်က တခြားနေရာတွေနဲ့ယှဉ်လိုက်ရင် အမေရိကန်ဆာမိုအာကျွန်းမှာ နေထိုင်ကြသူတွေရဲ့ဘဝက ထူးခြားမှု ရှိနေပါတယ်” လို့ ပြောပါတယ်။
တဆက်တည်းမှာပဲသူက အမေရိကန်နိုင်ငံမှာ COVID-19 စတင် ပြန့်ပွားစအချိန်ကတည်းက အမေရိကန် ဆာမိုအာကျွန်းမှာရှိတဲ့ ဘုရားရှိခိုးကျောင်းတွေကို အလျင်အမြန် ပိတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။
လူဦးရေ ၅၅၀၀၀ ကျော်သာရှိတဲ့ အမေရိကန်ဆာမိုကျွန်းဟာ ကျွန်းပေါ်မှာနေထိုင်ကြသူတွေကို ဘားဆိုင်တွေ၊ နိုက်ကလပ်တွေနဲ့ စားသောက်ဆိုင်တွေကို သွားခွင့်ပြုထားပါတယ်။ ဒါပေမဲ့လည်း တကြိမ်ကို လူ ၁၀ ယောက်သာ လက်ခံဖို့တော့ ကန့်သတ်ထားပါတယ်။
အချိန်ပိုင်း အလုပ်သမားတွေကလည်း ပုံမှန် အလုပ်ဆင်းနေကြသလို ရုံးဝန်ထမ်းတွေကလည်း သက်ဆိုင်ရာဌာနမှာ ပုံမှန်အလုပ် ဆင်းနေကြတုန်းပါပဲ။ ငါးဆီသွတ်ဗူး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့လုပ်သားပေါင်း ၂၀၀၀ ကျော်ကလည်း ပုံမှန်အတိုင်းပဲ ဆက်လက် အလုပ်လုပ်ကိုင်နေကြပါတယ်။
အမေရိကန်မှာ COVID-19 ရောဂါဖြစ်ပွားမှုကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ပထမဆုံးတွေ့ရှိခဲ့သူဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်လာသူတယောက်ပါ။
Ref: nytimes
You may also like these stories:
COVID-19 ကြောင့် ဥရောပမှာ လူသေဆုံးမှု အများဆုံးဖြစ်လာတဲ့ ဗြိတိန်နိုင်ငံ
ပြင်သစ်မှာ ဒီဇင်ဘာလကတည်းက COVID-19 လူနာ စတင်တွေ့ရှိခဲ့
ကိုရိုနာက ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှုထက် ပိုဆိုးကြောင်း ထရမ့်ပြော