ထိုင်းနိုင်ငံရဲ့ လက်လီဈေးကွက်မှာ နာမည်ကြီးဆိုင်ဖြစ်တဲ့ မက်ခရိုကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဖွင့်လှစ်လိုက်တဲ့ ဆိုင်ခွဲဟာ စတုရန်းမီတာ ၇၀၀၀ ကျော် ကျယ်ဝန်းပြီး ကုန်ပစ္စည်းမျိုးကွဲပေါင်း ၁ သောင်းကျော်ကို ရောင်းချပေးလျက် ရှိပါတယ်။
“ဆိုင်က တော်တော်ကျယ်ဝန်းတယ်။ ကျနော်တို့ အနေနဲ့ ဝယ်ယူမယ့် ပစ္စည်းတွေကို တရက်ကြိုတင်ပြီး မှာရတယ်။ ပြီးရင် လာယူလိုက်ရုံပဲ။ ဒီက ဝန်ထမ်းတွေ အားလုံးက ရောဂါပိုးကို ကာကွယ်ဖို့ မျက်နှာဖုံးတွေရော ခေါင်းစွပ်တွေပါ ဝတ်ထားကြတယ်။ ငွေရှင်းကောင်တာတွေမှာလည်း စည်းစနစ်တကျပါပဲ” လို့ မက်ခရိုမြန်မာ ဆိုင်ခွဲမှာ ဈေးလာရောက် ဝယ်ယူသူတဦးက ပြောပါတယ်။
ဆိုင်မှာရောင်းချတဲ့ စားသောက်ကုန်၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဒေသတွင်းစိုက်ပျိုးရေးခြံတွေက တင်သွင်းတာဖြစ်ပြီး နိုင်ငံတကာ စံချိန်အ ရည်အသွေးနဲ့ ကိုက်ညီအောင် စိုက်ပျိုးထားတာဖြစ်တယ်လို့ သိရပါတယ်။
Makro Myanmar ဆိုင်ခွဲကို Siam Makro Public Company Limited က ပိုင်ဆိုင်တာ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက် ပုစွန်တောင်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။