Trend

တရုတ်နဲ့တောင်ကိုရီးယားခရီးသွားများ တင်းကျပ်တဲ့ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခံနေရ

ထိုင်းအစိုးရက တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကို ကျန်းမာရေးအန္တရာယ်ဇုန်စာရင်းထဲ ထည့် ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးက တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယား နိုင်ငံတို့ရဲ့ လက်ရှိကျန်းမာရေး အခြေအနေအရ အန္တရာယ်ဇုန်စာရင်းကနေဖယ်ရှားပေးဖို့ ထိုင်း အစိုးရကိုတောင်းဆိုထားပေမယ့် အဲဒီ ၂ နိုင်ငံကနေ ထိုင်းနိုင်ငံကိုလာရောက်တဲ့ခရီးသွားတွေဟာ တင်းကျပ်တဲ့စောင့်ကြည့်စစ်ဆေးမှုတွေကို ခံနေရဆဲပါပဲ။

ပြီးခဲ့တဲ့သောကြာနေ့တုန်းကတော့ ထိုင်းနိုင်ငံရဲ့ ဒု – ဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်နေတဲ့ Anutin Charnvirakul ကတော့ ထိုင်းအစိုးရ COVID-19 အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနအနေနဲ့ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကို ကျန်းမာရေးအန္တရာယ်စာရင်းကနေ ဖယ် ရှားပေးမယ်လို့ပြောထားပေမယ့် ဒီကြေညာချက်ကို ဘယ်အချိန်မှထုတ်ပြန်မလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကလာရောက်တဲ့ခရီးသွားတွေဟာ ရောဂါပိုးကို သယ်ဆောင် လာနိုင်သူတွေဖြစ်တယ်ဆိုတဲ့ သဘောထားအမြင်မျိုးရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဖြစ်သူ Mr Anutin ကတော့ ထိုင်းအစိုးရရဲ့ စိုးရိမ်သောကတွေကို လျှော့ချစေလို တဲ့ဆန္ဒရှိနေပါတယ်။ ထုတ်ပြန်ထားတဲ့အမိန့် တွေအရ ထိုင်းနိုင်ငံကိုလာရောက်တဲ့ခရီးသွားဧည့် သည်တွေကိုတော့ ကူးစက်ရောဂါဥပဒေအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါပဲ။

ကျန်းမာရေးဝန်ကြီးကတော့ ရောဂါမကူးစက်အောင် ဝင်ရောက်လာသူတိုင်းကို စစ်ဆေးရေးဂိတ် တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးနေတဲ့အတွက် စိုးရိမ်မှုတွေမဖြစ်ပွားကြဖို့ တိုက် တွန်းထားပါတယ်။

COVID-19 အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနက ပြောခွင့်ရပုဂ္ဂိုလ် Dr Taweespilp Visanuyothin က တော့ “ဒု-ဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးဖြစ်သူ Mr Anutin က တရုန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကို ကျန်းမာရေး အန္တရာယ်ဇုန်စာရင်းကနေဖယ်ရှားပေးဖို့ အဆိုပြုထားပါတယ်။ ဒါပေမယ့်လည်း COVID-19 အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနအနေနဲ့ နောက်ဆုံးအပြီးသတ်ခွင့်ပြုချက်ကိုတော့ မပေး နိုင်သေးပါဘူး။ လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက်ကို ဆိုင်းငံ့ထားဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ Dr Taweespilp Visanuyothin က “ထိုင်းနိုင်ငံကသတ်မှတ်ထားတဲ့ ကျန်းမာရေးအစီမံတွေက နိုင်ငံတကာခရီးသွားတွေအပေါ် တူတူပါ ပဲ။ ပြည်တွင်းလေကြောင်းလိုင်းတွေလည်း ကန့်သတ်ချက်နဲ့အညီသာ ပျံသန်းနေကြပါတယ်။ ထိုင်းနိုင်ငံကိုလာရောက်မယ့် နိုင်ငံတကာခရီးသွားတွေအနေနဲ့လည်း ကျန်းမာရေးထောက်ခံစာ လိုအပ်သလို ၁၄ ရက် Quarantine ဝင်ရမှာဖြစ်ပါတယ်”

“ ဒီလိုအစီအမံတွေပြုလုပ်ထားတဲ့အတွက် ကြောင့် လက်ရှိကာလဟာ ခရီးသွားတွေအတွက် ပျော်စရာတွေကို ပေးနိုင်မယ့်အခြေအနေမှာတော့ မရှိသေးသလို လွတ်လပ်မှုလည်းမရှိပါဘူး” လို့ ပြောခဲ့ပါတယ်။

Ref:bangkokpost

Loading