အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံဟာ COVID-19 ကပ်ရောဂါဆိုးကြီးကနေ ပြန်လည် နာလန်ထလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သမ္မတအနေနဲ့ တကယ် ရင်ဆိုင်လိုက်ရတာကတော့ အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေပါ ရောဂါကူးစက်ခံခဲ့ရတဲ့ အဖြစ်ပါ။
အမေရိကန်ဒုသမ္မတ Mike Pence ကို အနီးကပ်ကူညီပေးနေတဲ့ ဝန်ထမ်းတဦး COVID-19 ကူးစက်ခံခဲ့ရပါတယ်။ ကူးစက်ခံခဲ့ရတဲ့ Katie Miller ဟာ အမေရိကန်ဒုသမ္မတရဲ့ ပြန်ကြားရေး အရာရှိတဦး ဖြစ်ပြီး မေလ ၈ ရက်နေ့က စမ်းသပ်ကြည့်ရာမှာ ရောဂါကူးစက်ခံခဲ့ရကြောင်း သမ္မတထရမ့်က အတည်ပြုပြောကြားခဲ့ပါတယ်။
Katie Miller ဟာ အိမ်ဖြူတော်ဝန်ထမ်းတွေထဲမှာ ဒုတိယမြောက် ရောဂါကူးစက်ခံရသူဖြစ်ပြီး ပထမဆုံး ကူးစက်ခံခဲ့ရတာကတော့ သမ္မတထရမ့်ရဲ့အဝတ်အစားကိစ္စကို တာဝန်ယူရတဲ့ ဝန်ထမ်းတယောက်ပဲ ဖြစ်ပါတယ်။ ဒုသမ္မတရဲ့ ပြန်ကြားရေးအရာရှိ COVID-19 ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး ထရမ့်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ကေတီဟာ အံ့သြစရာကောင်းတဲ့ အမျိုးသမီးတယောက်ပါ။ သူမကို အရင်ကတည်းက COVID-19 စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အခါမှာ ကောင်းမွန်တဲ့ ရလဒ်တွေကိုသာ ရရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကေတီဟာ ရောဂါကူးစက်ခံခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ ထရမ့်က ပြောပါတယ်။
ရောဂါကူးစက်ခံနေရတဲ့ ကေတီဟာ သမ္မတထရမ့်ရဲ့ အကြီးတန်းအကြံပေးဖြစ်တဲ့ စတီဗင်မီလာနဲ့ လက်ထပ်ထားသူလည်း ဖြစ်ပါတယ်။အိမ်ဖြူတော်ဝန်ထမ်းတွေမှာပါ ရောဂါကူးစက်လာတဲ့အတွက် သမ္မတနဲ့ ဒုသမ္မတတို့ဟာ နေ့တိုင်း ပုံမှန်ဆေးစစ်မှု ခံယူနေရတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ အကြီးအကဲဖြစ်သူ Dr.Robert Red- field ကလည်း ရောဂါကူးစက်ခံခဲ့ရတဲ့ အိမ်ဖြူတော်က ဝန်ထမ်းတယောက်နဲ့ ထိတွေ့မှု ရှိခဲ့တဲ့အတွက် ၁၄ ရက် Quarantine ဝင်မယ်လို့သိရပါတယ်။
ရောဘတ်အပြင် ရောဂါကူးစက်ခံခဲ့ရသူနဲ့ ထိတွေခဲ့တဲ့ ကူးစက်မှုဆိုင်ရာ ထိပ်တန်းကျွမ်းကျင်ပညာရှင် Dr.Anthony Fauci နဲ့ အစားအစာနှင့် ဆေးဝါးစီမံ ကွပ်ကဲရေးဌာန (FDA) ရဲ့ အကြီးအကဲဖြစ်သူ Dr.Stephen Hahn တို့ နှစ်ယောက်လည်း ၁၄ ရက် Quarantine ဝင်ကြပါမယ်။
လက်ရှိအချိန်မှာတော့ သူတို့ ၃ ယောက်စလုံးဟာ ရောဂါကူးစက်နိုင်ခြေ နည်းပါးပေမယ့် တာဝန် ထမ်းဆောင်နေချိန်တွေမှာ လူတွေနဲ့ ထိတွေ့မှု နည်းပါးအောင် အခုလို Quarantine ဝင်ရခြင်း ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံနေရသူ ၄ သန်းကျော်သွားခဲ့ပြီး သေဆုံးသူပေါင်း ၃ သိန်းနီးပါး ရှိနေပါပြီ။ အမေရိကန်နိုင်ငံဟာ ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါ တယ်။ အမေရိကန်မှာ ကူးစက်ခံရသူပေါင်း ၁,၃၆၇,၆၃၈ ယောက် ရှိနေပြီး သေဆုံးသူပေါင်းကတော့ ၈ သောင်းကျော် သွားပါပြီ။
Ref: CNN